မြိတ် ဩဂုတ် ၁၈
တနင်္သာရီတိုင်းဒေသကြီး ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဖိတ်ကြားထားသူများနှင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ တက်ရောက်ကြသည်။
ဦးစွာ ကရင်အမျိုးသားသီချင်းသီဆို၍ မင်္ဂလာဖားစည်တီးကာ အခမ်းအနားကိုဖွင့်လှစ်သည်။ ယင်းနောက် တံခွန်တိုင်ဒုံးယိမ်းအဖွဲ့က ကရင်ရိုးရာဒုံးယိမ်းအကဖြင့် ကပြဖျော်ဖြေသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ကရင်တိုင်းရင်းသား ဘိုးဘွားမိဘများ၏ လက်ဆင့်ကမ်းအမွေတစ်ခုဖြစ်သည့် ချည်ဖြူဖွဲ့မင်္ဂလာကို ဝါခေါင်လဆန်း (၁) ရက်နေ့မှစတင်ပြီး ဝါခေါင်လပြည့်နေ့အထိ နှစ်စဉ်ကျင်းပလေ့ရှိပါကြောင်း၊ ကရင်တိုင်းရင်းသားများသည် ဝါခေါင်လရောက်သည့်အချိန်တွင် ချည်ဖြူဖွဲ့ထုံးချည်နှောင်သည့်ဓလေ့ကို မိသားစုများစည်းစည်းလုံးလုံးဖြင့် ပြန်လည်တွေ့ဆုံခြင်း၊ လက်ရည်တပြင်တည်းဖြစ်ခြင်း၊ လူကြီးနှင့်လူငယ်အကြား နွေးနွေးထွေးထွေးဖြင့် စည်းလုံးညီညွတ်မှု၊ ချစ်ကြည်ရင်းနှီးမှုများတိုးပွားစေခြင်း၊ မိမိတို့ ရိုးရာယဉ်ကျေးမှုများကို ထိန်းသိမ်းမြှင့်တင်ဖော်ထုတ်ခြင်း၊ ကရင်တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်စွာ ဆောင်ရွက်တတ်မှုဖြင့် ကျင်းပကြသည့် ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားဖြစ်ပါကြောင်း၊ ယနေ့ကျင်းပသည့် ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားမှသည် ကရင်တိုင်းရင်းသားညီအစ်ကို မောင်နှများအားလုံး တိုင်းပြည်အကျိုး၊ ရပ်ရွာအကျိုးကို ဆတက်ထမ်းပိုး ဆောင်ရွက်နိုင်ကြပါစေကြောင်းနှင့် ကောင်းခြင်းမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံကြပါစေကြောင်း။
တိုင်းရင်းသားညီအစ်ကို မောင်နှမများအနေဖြင့် အေးအတူပူအမျှ မိသားစုစိတ်ဓာတ်ဖြင့် ပြည်ထောင်စုကြီးတည်တံ့ခိုင်မြဲရေး၊ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။
ယင်းနောက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုက နှုတ်ခွန်းဆက်စကားပြောကြားသည်။
ထို့နောက် မြိတ်မြို့ ကက်သလစ်ခရစ်ယာန်ပရဟိတဂေဟာ ကရင်ဒုံးယိမ်းအဖွဲ့က ဒုံးယိမ်းအကဖြင့် ကပြဖျော်ဖြေပြီး ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ ဖြစ်ပေါ်လာပုံစာတမ်းကို မြိတ်မြို့နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္က စောအောင်ထွဋ်က ဖတ်ကြားကာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက ကျေးဇူးတင်စကားပြောကြားသည်။
ယင်းနောက် ကရင်ဘိုးဘွားများက (၇)ရက်သားသမီးများနှင့် ကြွရောက်လာကြသည့် အထူးဧည့်သည်တော်များ၊ ဧည့်ပရိတ်သတ်များအား ကရင်ရိုးရာချည်ဖြူဖွဲ့ပေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)