Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး စပါး/ ပဲတီစိမ်း စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် စားသုံးဆီဖူလုံရေးအတွက် မြစိမ်းရောင်စီမံကိန်းဖြင့် ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေး အစည်းအဝေးများတက်ရောက်

နေပြည်တော် ဩဂုတ် ၁၈

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက ဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပသော သမဝါယမကဏ္ဍမှဆောင်ရွက်မည့် ကန်ထရိုက်လယ်ယာစနစ်ဖြင့် စပါး/ ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်ခြင်း အစည်းအဝေးသို့ တက်ရောက်သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေထူထောင်ပြီး နိုင်ငံ့စီးပွားရေးမြင့်မားလာစေရန်နှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝနှင့် စီးပွားရေးမြင့်တက်လာစေရေးအတွက် ရည်မှန်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် စပါးနှင့်ပဲတီစိမ်းအတွက် စိုက်ပျိုးစရိတ်ရရှိရေး ကန်ထရိုက်လယ်ယာစနစ် ဆောင်ရွက်ကြမည့်ကုမ္ပဏီများ၊ သမဝါယမအသင်းများကို ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ထောက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ကန်ထရိုက်လယ်ယာစနစ်ဆောင်ရွက်ခြင်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက Focal အဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အမှန်တကယ်စိုက်ပျိုးသည့် တောင်သူများကို ကွင်းဆင်းစာရင်းကောက်ယူခြင်း၊ အကျိုးတူလယ်ယာစနစ်ဆောင်ရွက်ခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းဆွေးနွေး၍ အမှန်တကယ်လုပ်ငန်းဆောင်ရွက်ပြီး ဦးဆောင်မှုပြုနိုင်သူများကို ဒါရိုက်တာအဖွဲ့ဝင်အဖြစ်ရွေးချယ်၍ ကျေးရွာသမဝါယမအသင်းဖွဲ့စည်းခြင်းတို့ကို ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးမြင့်စိုးက လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အောင်မြင်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဖြည့်စွက်မှာကြားသည်။

ထို့နောက် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းများဆောင်ရွက်မည့် အစီအစဉ်များကိုလည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ညွှန်ကြားရေးမှူးများက မိမိတို့သက်ဆိုင်ရာကဏ္ဍများအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည့် လုပ်ငန်းများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေး လုပ်ငန်းဆောင်ရွက်မှု ညှိနှိုင်းအစည်းအဝေးကို အဆိုပါဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက မြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ) ဆောင်ရွက်ရာတွင်ရန်ပုံငွေများကို အမှန်တကယ် ဆီထွက်သီးနှံစိုက်ပျိုးသည့်တောင်သူများ လက်ဝယ်ရောက်ရှိရေး၊ ချေးငွေရယူ၍ တောင်သူများ အမှန်တကယ် စိုက်ပျိုးရေးစီမံဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း၊ သမဝါယမဦးစီးဌာနအနေဖြင့်လည်း မျိုးစေ့ထုတ်သမဝါယမအသင်းများက မျိုးစေ့ဖြန့်ဖြူးခြင်း၊ သွင်းအားစုထောက်ပံ့ခြင်းကိစ္စရပ်များကို ကူညီဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်ဖြစ်သော ပြည်ပမှ စားသုံးဆီတင်သွင်းမှုလျော့ချစေရေးနှင့် ပြည်တွင်းစားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံတိုးချဲ့ စိုက်ပျိုးရေးကိစ္စရပ်များကို သက်ဆိုင်ရာဦးစီးဌာနများမှ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များက ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေးအတွက် လုပ်ငန်းဆောင်ရွက်နေမှုများ ကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်များက ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်မည့် အခြေအနေများကိုလည်းကောင်း၊ အမြဲတမ်းအတွင်းဝန်က လုပ်ငန်းဆောင်ရွက်မည့်အစီအစဉ်များကို လည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးတင်ပြကြရာ ပြည်ထာင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)