နေပြည်တော် ဩဂုတ် ၁၆
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်ယမ်းဝိုးကျေးရွာရှိ ရေဘေးသင့်ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများက အဆိုပါကျေးရွာ ဘုန်းကြီးကျောင်း၌ သွားရောက်တွေ့ဆုံပြီး ဆန်၊ ဆီ၊ ဆား၊ ကြက်ဥနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။
ထို့နောက် နယ်မြေခံဆေးတပ်ရင်းမှ ဆေးကုသရေးအဖွဲ့က ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ထိုသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကြပြီး ဆေးရုံတက်ရောက်ရန် လိုအပ်သူများအား နယ်မြေခံတပ်မတော် ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
ဆက်လက်၍ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ယမ်းဝိုးကျေးရွာအတွင်း ရေကြီးရေလျှံမှုကြောင့် လမ်းများ၊ တံတားများ ပျက်စီးဆုံးရှုံးမှုများကို လိုက်လံကြည့်ရှုကြပြီး လမ်းပန်းဆက်သွယ်မှုများ ကောင်းမွန်စေရေးအတွက် ပျက်စီးဆုံးရှုံးသွားသော လမ်း၊ တံတားများကို ပြန်လည်ပြုပြင်နိုင်ရေး တာဝန်ရှိသူများအား လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယင်းနောက် တိုင်းမှူးနှင့်တာဝန်ရှိသူများသည် ကျိုင်းတုံမြို့ရှိ ဘိုးဘွားရိပ်သာသို့ သွားရောက်၍ အဘိုး၊ အဘွားများအား နယ်မြေခံဆေးတပ်ရင်းမှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများက ကျန်းမာရေးစစ်ဆေးပေးနေမှုများကို လိုက်လံကြည့်ရှုအားပေးကာ အာဟာရဖြည့် စားသောက်ဖွယ်ရာများ လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်