Skip to main content

ယခုအခါ ဈေးကွက်အနေအထားအရ အလားအလာကောင်းမွန်သော ရုရှားခရီးသွားဈေးကွက်ကိုရရှိနိုင်ရန်အတွက် ဝန်ကြီးဌာနအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိ

နေပြည်တော် ဩဂုတ် ၁၄

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့အင်းလျားကန်ဟိုတယ်၌ ကျင်းပသော ရုရှားဘာသာစကား သင်တန်းဖွင့်ပွဲအခမ်းအနားနှင့် နိုင်ငံအဆင့် ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး အသိအမှတ်ပြု တံဆိပ်များ ပေးအပ်ခြင်းအခမ်းအနားသို့ တက် ရောက်သည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ရုရှားဘာသာဌာနမှ ဆရာ ဆရာမများ၊ ရန်ကုန်မြို့ စီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးနှင့် ခရီးသွားလုပ်ငန်းဘာသာဌာနမှ ဆရာ ဆရာမများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး အသိအမှတ်ပြုတံဆိပ်ရရှိကြသော ဟိုတယ်များမှ တာဝန်ရှိသူများ၊ ရုရှားဘာသာစကားသင်တန်းသို့ တက်ရောက်ကြမည့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ခရီးသွားလုပ်ငန်း မြှင့်တင်ဆောင်ရွက်

သင်တန်းဖွင့်ပွဲအခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ခရီးသွားလုပ်ငန်းကဏ္ဍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခင်ကပင် ဟိုတယ်ဝန်ဆောင်မှုသင်တန်းများ၊ ခရီးသွားလုပ်ငန်းနှင့် ဧည့်လမ်းညွှန်ဝန်ဆောင်မှု သင်တန်းများအပြင် နိုင်ငံခြားဘာသာစကား သင်တန်းများကို ဖွင့်လှစ်ပို့ချပေးခဲ့ပါကြောင်း၊ ယခုအခါ ဈေးကွက်အနေအထားအရ အလားအလာကောင်းမွန်သော ရုရှားခရီးသွားဈေးကွက်ကို ရရှိနိုင်ရန်အတွက် ဝန်ကြီးဌာနအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ ခရီးစဉ်အတွင်း ရုရှားနိုင်ငံသားများကို ဗီဇာကင်းလွတ်ခွင့်ပေးခဲ့သဖြင့် ရုရှားခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်ရန်အတွက် အခွင့်အလမ်းကောင်းများ ပေါ်ပေါက်လာပြီ ဖြစ်ပါကြောင်း၊ ၂၀၂၃ ခုနှစ် မတ်လအတွင်း ရုရှားနိုင်ငံ မော်စကိုမြို့၌ ကျင်းပမည့် ခရီးသွားလုပ်ငန်းပြပွဲသို့ ပါဝင်ပြသကာ ခရီးသွားလုပ်ငန်း မြှင့်တင်ဆောင်ရွက် နိုင်ရန်အတွက် သံရုံးများနှင့်ချိတ်ဆက်ကာ ပါဝင် ဆောင်ရွက်သွားရန်ရှိကြောင်း ပြောကြားသည်။

တတိယအကြိမ် ထပ်ဆောင်းထိုးနှံ

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့သည် ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်၌ ကျင်းပသည့် ဟိုတယ်များ၌ တာဝန်ထမ်းဆောင်လျက်ရှိကြသော ဟိုတယ်ဝန်ထမ်း ၁၂၅ ဦးကို ကိုဗစ်-၁၉ ကာကွယ်ဆေး တတိယအကြိမ် (Booster Dose) ထပ်ဆောင်းထိုးနှံခြင်း အခမ်းအနားသို့ တက်ရောက်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အင်းလျား ကန်ဟိုတယ် အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြန်မာ-တရုတ် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို တွေ့ဆုံကာ တရုတ်ခရီးသွား ဈေးကွက် မြှင့်တင်ရေးကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းသည်။

ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်

ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ နိုင်ငံတကာ ခရီးသွားဧည့်သည်များ ဝင်ထွက်သွားလာမှု လွယ်ကူအဆင်ပြေစေရေး၊ ခရီးသွားဧည့်သည်ဝင်ရောက်မှု အချက်အလက်များနှင့် စာရင်းဇယားများ ပြည့်စုံစွာရရှိနိုင်ရေး၊ ဝန်ထမ်းများနှင့် ခရီးသွားဧည့်သည်များ၏ ဘေးကင်းလုံခြုံရေး၊ လာမည့်ပွင့်လင်းရာသီတွင် လေယာဉ်ခရီးစဉ်များ တိုးတက်ပြေးဆွဲနိုင်မည့် အခြေအနေများနှင့် လက်ခံဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို မေးမြန်းကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

လှည့်လည်ကြည့်ရှု

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်းရှိ လူဝင်မှု ကြီးကြပ်ရေးကောင်တာများ၊ လုံခြုံရေးနှင့် ကျန်းမာရေးစစ်ဆေးနေမှုများကို လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များ မှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာနမှ ဖွင့်လှစ်ဝန်ဆောင်မှုပေးလျက်ရှိသည့် သတင်းနှင့်ပြန်ကြားရေးကောင်တာသို့ သွားရောက်ကာ ခရီးသွားဧည့်သည်များ မှန်ကန်သော သတင်းအချက်အလက်များပေးနိုင်ရေး၊ ခရီးသွားမြှင့်တင်ရေး စာအုပ်များ၊ လက်ကမ်းစာစောင်များ၊ မြေပုံများ ဖြန့်ဝေပေးမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်