နေပြည်တော် သြဂုတ် ၁၃
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် အကောက်ခွန်ဦးစီးဌာနစုံစမ်းစစ်ဆေးရေးနှင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဌာနခွဲမှ တာဝန်ကျစစ်ဆေးရေးအဖွဲ့က ရန်ကုန် - ဘားအံ-မြဝတီ ကုန်သွယ်မှုလမ်းမကြီးတစ်လျှောက် အခွန်ပေးဆောင်ထားသည့် ကုန်ပစ္စည်းများထက် ပိုမိုတင်ဆောင်လာကြောင်း သတင်းအရ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာလှည်းကူးမြို့နယ် ရဲမွန်ရွာနှင့်ညောင်တစ်ခြမ်း ကျေးရွာကြားတွင် ကုန်တင်ယာဉ်တစ်စီးပေါ်၌ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားသည်နှင့် ကိုက်ညီမှုမရှိသော လူသုံးကုန်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများနှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော Mitsubishi ၁၂ ဘီး ကုန်တင်ယာဉ် တစ်စီးတို့ကို ဩဂုတ် ၅ ရက်တွင် ဖမ်းဆီးအရေးယူခဲ့ပြီးကျန်ရှိသော နောက်တွဲယာဉ် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၀၀၀၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်အမှုဖွင့်လှစ် ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ဖမ်းဆီးရမိ
အလားတူ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်(၁၆)မိုင် ကျောက်ချောစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ရာ သြဂုတ် ၉ ရက်တွင် မန္တလေးမှ မူဆယ်သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ မုန့်ဖာများနှင့် ခရီးသည်အိတ်များဖြင့် ဖုံးအုပ်၍ တရားမဝင်တင်ဆောင်လာသော မြွေဟောက်အရှင် အရွယ်စုံ ၅၁ ကောင်(ခန့်မှန်း တန်ဖိုးငွေကျပ် ၅၁၀၀၀၀) နှင့် အဆိုပါတိရစ္ဆာန်များ တင်ဆောင်လာသော JINBEI HAISE အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၃၀၀၀၀၀၀)ကို လည်းကောင်း၊ သြဂုတ် ၁၁ ရက်တွင် မန္တလေးမှမူဆယ်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ ခရစ်ယာန်ကျမ်းစာအုပ် အထုပ်များဖြင့် ဖုံးအုပ်ထားသော တရားမဝင်တင်ဆောင်လာသည့် Toluene ဟု ယူဆရသော အရည်ပုံးများ လီတာ ၁၇၀ (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၃၈၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော Nissan AD Van အမျိုး အစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၈၉၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဩဂုတ် ၁၂ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ တာဝန်ကျစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ ID တွင် ကြေညာထားခြင်းမရှိသော 550 W လျှပ်စစ်မော်တာများ (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၀၀၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အရေးယူဆောင်ရွက်
ထို့အပြင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ် (တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် ကုန်တင်ယာဉ်နှစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာ ID တွင် ကြေညာထားသည်ထက် ပိုမိုတင်ဆောင်လာသော သစ်တော်သီး ၁၄၅ ဖာ (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၆၂၅၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ သြဂုတ် ၈ ရက်၊ ၉ ရက်နှင့် ၁၂ ရက်များတွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲရှစ်မှု၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၃၅၁၅၀၀၀)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်