နေပြည်တော် ဩဂုတ် ၁၁
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အသိပညာမျှဝေရေးအစီအစဉ် (Knowledge Sharing Program-KSP) အရ ကျင်းပသည့် ဆွေးနွေးပွဲအမှတ်စဉ်(၁၉)ကို “Project Delivery System” ခေါင်းစဉ်ဖြင့် ယနေ့မွန်းလွဲပိုင်းက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး (နေပြည်တော်) စုပေါင်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်က ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အဓိကတာဝန်မှာ ဘဏ္ဍာရေးစာရင်းစစ်ဆေးခြင်း၊ လုပ်ငန်းဆောင်ရွက်မှုစစ်ဆေးခြင်းနှင့် လိုက်နာဆောင်ရွက်မှု စစ်ဆေးခြင်းတို့ဖြစ်ပြီး စစ်ဆေးရေးလုပ်ငန်းများကို နိုင်ငံတကာစံနှုန်းများနှင့်အညီ ဖြစ်စေရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအချိန်တွင် အချိန်နှင့်တစ်ပြေးညီ စစ်ဆေးခြင်း (Real Time Audit) ကိုပါ စတင်ဆောင်ရွက်လျက်ရှိပြီး အဆိုပါစစ်ဆေးခြင်းသည် စီမံကိန်းလုပ်ငန်းစတင်သည့်အချိန်မှ ပြီးဆုံးသည့်အချိန်အထိ ဆောင်ရွက်မှုအဆင့်အလိုက် စစ်ဆေးခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများအနက် လမ်း၊ တံတားတည်ဆောက်ရေးလုပ်ငန်း စီမံကိန်းများမှာ အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်ကြောင်း၊ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူ့အကျိုးဖြစ်ထွန်းမှု၊ ထိရောက်အောင်မြင်မှုရှိစေရေး အလေးပေးဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများ အောင်မြင်ပါမှ နိုင်ငံဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း။
သို့ပါ၍ ယနေ့ဆွေးနွေးပေးမည့် လမ်း၊ တံတားစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရွေးချယ်ဆောင်ရွက်နိုင်သည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ သိမှတ်ဖွယ်ရာများကို လေ့လာမှတ်သားပြီး သိရှိလိုသည်များကိုမေးမြန်းခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်း၊ အကြံပြုခြင်းများဖြင့် ဝိုင်းဝန်းဆွေးနွေးကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနမှ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်သီဟနှင့် စီမံကိန်းစစ်ဆေးရေးနှင့် အရည်သွေးထိန်းသိမ်းရေးဌာနခွဲမှ ညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်အိအိမျိုးနှင့် အဖွဲ့က Project Delivery System နှင့်စပ်လျဉ်း၍ ဒီဇိုင်းနှင့် တည်ဆောက်ရေးလုပ်ငန်းများကို စီမံခန့်ခွဲမည့်အဖွဲ့ရွေးချယ်ခြင်း (Project Organization) ၊ လုပ်ငန်းရှင်နှင့် ကန်ထရိုက်တာတို့အကြား သဘောတူညီချက်ပုံစံ (Contract Type) နှင့် ကန်ထရိုက်တာရွေးချယ်ခြင်း (Contractor Selection) ၊ Lump Sum Contract ၊ Unit Price Contract တို့ဖြင့် ဆောင်ရွက်သည့် လုပ်ငန်းစီမံကိန်းများကို Case Study များဖြင့် ပြည့်ပြည့်စုံစုံ ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် တက်ရောက်လာကြသူများက အပြန်အလှန် အကြံပြုဆွေးနွေးခြင်း၊ မေးမြန်းဖြေကြားခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်