နေပြည်တော် သြဂုတ် ၁၁
ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများ ဗဟိုအဆင့်အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက နေပြည်တော်ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းတို့ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ကျောင်းအခြေပြု ကျောင်းကျန်းမာရေးလုပ်ငန်းများဖြစ်သည့် ကျောင်းသားလူငယ်များ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို မျှတစွာစားသုံးရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ကူးစက်ရောဂါကာကွယ်ရေး၊ ကိုယ်ကျန်းမာမှု၊ စိတ်ကျန်းမာမှုနှင့် လူမှုရေးကျန်းမာမှုတို့နှင့် ပြည့်စုံရေးစသည်တို့နှင့်ပတ်သက်၍ ကျောင်းသားကျောင်းသူ ဘဝမှစတင်ကာ ကျန်းမာရေးအသိပညာ ဗဟုသုတများ ပြည့်စုံစေရေးနှင့် ဘဝတစ်လျှောက်လုံးလေ့ကျင့်သွားရမည့် အလေ့အကျင့်ကောင်းများကို ပျိုးထောင်ပေးနိုင်ရေးသည် အထူးအရေးပါသည်ဖြစ်ကြောင်း။
ပညာရေးဝန်ကြီးဌာနသည် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ကျန်းမာရေးအဆင့်မြှင့်ကျောင်း ထူထောင်ရေးလုပ်ငန်းများဖြစ်သည့် ကျောင်းအခြေပြု ကျန်းမာရေးအသိပညာမြှင့်တင်ရေးလုပ်ငန်း၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်း၊ ကျောင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း၊ ကျောင်းမှ ပြည်သူအတွင်းသို့ မူမှန်လူနေမှုဘဝဟန်များ ရောက်ရှိရေးလုပ်ငန်း၊ အာဟာရဖွံ့ဖြိုးရေးနှင့် အစားအစာအန္တရာယ် ကင်းဝေးရေးလုပ်ငန်းနှင့် ရောဂါကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း။
အရှိန်အဟုန်မြှင့် ဆောင်ရွက်
ယခုကဲ့သို့ ကျောင်းကျန်းမာရေး ရက်သတ္တပတ်အခမ်းအနားကျင်းပခြင်းဖြင့် ကျောင်းကျန်းမာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ပညာရေးဝန်ကြီးဌာနအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ကျောင်းကျန်းမာရေးလုပ်ငန်းများနှင့် ကျန်းမာရေးအဆင့်မြှင့်ကျောင်းလုပ်ငန်းစဉ်များကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဦးစီးဌာနများ၊ နှီးနွှယ် အဖွဲ့အစည်းအသီးသီးတို့မှဗဟို၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ကျောင်း စသည့်အဆင့်တိုင်းတွင် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်ဖြစ်ကြောင်း။
ကျောင်းတွင်းအာဟာရဖွံ့ဖြိုးရေး
ယခု ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် သြဂုတ် ၇ ရက်မှ ၁၃ ရက်အထိ ကျရောက်သည့် ကျောင်းကျန်းမာရေးသီတင်းပတ်တွင် အခြေခံပညာကျောင်း၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် စာသင်ကျောင်းများရှိ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသားကျောင်းသူ စုစုပေါင်း ၆ ဒသမ ၆ သန်း ခန့်အား ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပထမအကြိမ် ကျောင်းအခြေပြု သန်ချဆေးတိုက်ကျွေးခြင်းကို ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများတွင် ကျောင်းကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ သက်ဆိုင်ရာအတန်းအလိုက် ခေါင်းစဉ်များသတ်မှတ်ကာ ကာတွန်း/ပန်းချီရေးဆွဲပွဲ၊ ကဗျာ/စာစီစာကုံးရေးပွဲ၊ ပြိုင်ပွဲများကျင်းပခြင်း၊ ဉာဏ်စမ်းမေးခွန်းများ မေးမြန်းခြင်း၊ သက်ရွယ် ဆင့်တူအုပ်စုလိုက်ဆွေးနွေးခြင်း၊ ပညာပေး ဟောပြောပွဲများ ကျင်းပခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထို့ပြင် လက်ဆေးနည်းအဆင့်ဆင့်နှင့် စနစ်မှန်သွားတိုက်ခြင်းတို့ကို သရုပ်ပြခြင်း၊ သွားနှင့် ခံတွင်းကျန်းမာရေးစစ်ဆေးခြင်း၊ ပြခန်းငယ်ပြသပညာပေးခြင်း၊ ကျောင်းတွင်းအာဟာရဖွံ့ဖြိုးရေးနှင့် အစားအစာများ အန္တရာယ်ကင်းဝေးရေး လုပ်ငန်းများကို ကျောင်းအလိုက် ဦးစားပေးရွေးချယ်၍ ဆောင်ရွက်ကြမည်ဖြစ်ကြောင်း။
ကျောင်းသား ကျောင်းသူများဘဝတွင် ကျောင်းတော်ကြီးမှ ပျိုးထောင်ပေးလိုက်သည့် ကျန်းမာရေးနှင့်ညီညွတ်သော အလေ့အကျင့်ကောင်းများကို ဆက်လက်စွဲမြဲစွာ လိုက်နာကျင့်သုံးခြင်းဖြင့် ကျန်းမာသောနိုင်ငံသားများ ဖြစ်လာနိုင်စေရေးအတွက် တစ်မျိုးသားလုံးကျန်းမာဖို့ ကျောင်းကျန်းမာရေး မြှင့်တင်လို့ အားလုံးပူးပေါင်း ဆောင်ရွက်ကြပါစို့ဟု ပြောကြားသည်။
ယင်းနောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများ အထိမ်းအမှတ်ဗီဒီယိုကို ပြသခဲ့ပြီး ကျောင်းသားကျောင်းသူလေးများက “ဘဝတွက်တာကျောင်းကျန်းမာ” သီချင်းဖြင့် ဖျော်ဖြေခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် တက်ရောက်လာသော ဧည့်သည်တော်များက အထိမ်းအမှတ်ပြခန်းငယ်ကို လှည့်လည်ကြည့်ရှုသည်။
အစီအစဉ် ဒုတိယပိုင်းအဖြစ် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်နေသော ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများကို ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် တက်ရောက်လာသော ဧည့်သည်တော်များက အားပေးကြည့်ရှုသည်။ ယင်းနောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အ.ထ.က (၆)ရှိ ကျောင်းသားကျောင်းသူများ အသုံးပြုရန်အတွက် ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များ၊ ရေမလိုလက်သန့်စင်ဆေးရည်များနှင့် သွားတိုက်ဆေးဘူးများကို ကျောင်းအုပ်ကြီးထံသို့ ပေးအပ်သည်။
ထို့နောက် ကြွရောက်လာသည့် ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် တက်ရောက်လာသော ဧည့်သည်တော်များက ကျောင်းသားကျောင်းသူများကို သန်ချဆေးတိုက်ကျွေးခြင်း၊ ပျိုဖော်ဝင် ဆယ်ကျော်သက် ကျောင်းသူများကို သံဓာတ်အားဆေးပေးဝေခြင်းနှင့် သူငယ်တန်း ကျောင်းသားကျောင်းသူများအား နို့၊ ကြက်ဥပြုတ်နှင့် ငှက်ပျောသီး အာဟာရများ ပေးဝေကြသည်။
အားပေးကြည့်ရှု
ထို့နောက် ကျောင်းသားကျောင်းသူများ၏ စနစ်မှန်သွားတိုက်ခြင်း သရုပ်ပြခြင်းကိုအားပေး ကြည့်ရှုခြင်း၊ ကျောင်းစာကြည့်တိုက်တွင် ကျောင်းသားကျောင်းသူများကို ကျန်းမာစေကြောင်း အလေ့အကျင့်ကောင်းများနှင့် ပတ်သက်၍ ဉာဏ်စမ်းမေးခွန်းများ မေးမြန်းခြင်းနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်း၊ ကျောင်းခန်းမရှေ့ရှိ စာသင်ခန်းများအတွင်းတွင် ကျောင်းသားကျောင်းသူများမှ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ စာစီစာကုံးများ ရေးခြယ်သီကုံးနေမှုများကို လှည့်လည်အားပေးခြင်းတို့ ဆောင်ရွက်သည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများနှင့် အထိမ်းအမှတ်အခမ်းအနားများကို ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင် ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်