ယနေ့ကမ္ဘာပေါ်တွင် လူငယ်ဦးရေတစ်ဘီလီယံခန့်ရှိရာ နိုင်ငံအသီးသီးတွင်ရှိနေကြသည့် ထိုလူငယ်များသည် ၎င်းတို့နိုင်ငံ၏ အနာဂတ်နှင့်ကမ္ဘာကြီး၏ အနာဂတ်ကိုပုံဖော်ဖန်တီးကြမည့် အင်အားစုများပင်ဖြစ်သည်။ ကမ္ဘာ့လူငယ်လူဦးရေ၏ ၈၅ ရာခိုင်နှုန်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်လျက်ရှိကြပြီး ယင်းတို့အနက် လူနည်းစုကသာ လူမှုအသိုက်အဝန်းတွင် ဝင်ဆံ့ နိုင်ကြကာ လိုအပ်သောသတင်းအချက်အလက်၊ ပညာရေးနှင့် ဝန်ဆောင်မှုများရရှိကြကြောင်း၊ လူငယ်အများစုမှာ ဆင်းရဲနွမ်းပါးမှု၊ ပညာရေးနိမ့်ကျမှု၊ ကျန်းမာရေးနိမ့်ကျမှု၊ ကျား/မ တန်းတူမညီမျှမှု၊ လိင်မှတစ်ဆင့် ကူးစက်သောရောဂါများအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ်၊ အကြမ်းဖက်မှု၊ စစ်မက်ဖြစ်ပွားမှု၊ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးမှုစသည်တို့အပါအဝင် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေကြရသည်ဟု ဆိုသည်။
အနာဂတ်လူငယ်များ၏ အခန်းကဏ္ဍနှင့် မျက်မှောက်ကာလ လူငယ်များရင်ဆိုင်နေရသည့် အခက်အခဲများကို ဖြေရှင်းပေးရန် ကုလသမဂ္ဂက ဆောင်ရွက်လျက်ရှိသော ကမ္ဘာလုံးဆိုင်ရာ လူငယ်များအတွက် အစီအစဉ်များအား နိုင်ငံတကာက အာရုံစိုက်လာ စေရေးအတွက် နှစ်စဉ်ဩဂုတ်လ ၁၂ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အဖြစ် သတ်မှတ်၍ ကမ္ဘာ့နိုင်ငံများတွင် အခမ်းအနားများ ကျင်းပလျက်ရှိသည်။ ယခုနှစ်အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အတွက် ကုလသမဂ္ဂက ချမှတ်ပေးထားသည့် ဆောင်ပုဒ်မှာ “Intergenerational Solidarity: Creatinga World for All Ages” “မျိုးဆက်များအကြား ညီညွတ်မှုအားဖြင့် သက်ရွယ်စုံညီ ကမ္ဘာသစ်ဆီ” ဟူ၍ ဖြစ်သည်။ ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ အောင်မြင်မှုရနိုင်ရန်မှာ မျိုးဆက်များအကြား စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုက သော့ချက်ဖြစ်သည့်အလျောက် အသက်အရွယ်စုံပါဝင်သည့် ကမ္ဘာကြီးကို ဖန်တီးနိုင်ရေး တွန်းအားပေးဆောင်ရွက်ကြရန်ဖြစ်သည်။
မိမိတို့နိုင်ငံတွင် နိုင်ငံ့လူဦးရေ၏ သုံးပုံတစ်ပုံခန့်မှာ အသက် ၁၅နှစ်မှ ၃၅ နှစ်အကြား လူငယ်များဖြစ်သည့်အတွက် အလုပ်လုပ်နိုင်သည့် လူဦးရေအချိုးအစားများပြားသည့် နိုင်ငံဖြစ်သည်။ အဆိုပါလူငယ်များ၏ စွမ်းအားကို နိုင်ငံတည်ဆောက်ရေးအတွက် အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် ဆောင်ရွက်သွားရန် လိုအပ်သကဲ့သို့ပင် ကမ္ဘာ့အခြားနိုင်ငံများရှိ လူငယ်များရင်ဆိုင်နေကြရသည့် အခက်အခဲများအတိုင်း မိမိတို့နိုင်ငံရှိ လူငယ်များမှာလည်း အခက်အခဲများစွာနှင့် ရင်ဆိုင်နေကြရသည်ကို ဝိုင်းဝန်းဖြေရှင်း ဆောင်ရွက်ပေးသွားရန် လိုအပ်သည်။ လူငယ်ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရာတွင် ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးနှင့် ယှဉ်တွဲဆောင်ရွက်ခြင်းနှင့်အတူ လူငယ်များ၏ပညာရေးနှင့် ကျန်းမာကြံ့ခိုင်ရေး မြှင့်တင်မှုတို့ကိုပါ ဆောင်ရွက်ခြင်းဖြင့် နိုင်ငံအတွက် လူ့စွမ်းအားအရင်းအမြစ်ကောင်းများ ဖြစ်ပေါ်လာမည်ဖြစ်သည်။
“ခေတ်ကာလအခြေအနေအရ ယခုအခါလူငယ်များသည် အလုပ်လုပ်ရင်းပညာသင်သည့် အခြေအနေသို့ ရောက်ရှိနေသဖြင့် ထည့်သွင်းစဉ်းစားရမည့် အချက်တစ်ချက်ဖြစ်ကြောင်း၊ ထို့ကြောင့် အကောင်းဆုံးနည်းလမ်းမှာ အနည်းဆုံး အခြေခံပညာ အလယ်တန်းနှင့် အထက်ရရှိစေရန် မိမိတို့အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ပညာတတ်မြောက်မှုအပေါ်မူတည်၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နိုင်မည့်သူများကို မွေးထုတ်ရမည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး၌ ပြောကြားခဲ့ရာ မိမိတို့နိုင်ငံနှင့်လူငယ်များ၏ မျက်မှောက်ကာလ ပကတိအခြေအနေများပင်ဖြစ်သည့်အလျောက် လူငယ်စွမ်းအားအရင်းအမြစ်များကို ပြုစုပျိုးထောင်ကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိထိရောက်ရောက် အသုံးပြုနိုင်ပါစေကြောင်း။ ။