Skip to main content

တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌများ စမ်းဝတီသဘာဝမြေဩဇာစက်ရုံကို ကြည့်ရှုလေ့လာ

နေပြည်တော် ဩဂုတ် ၁၁

တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌများသည် ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာရှိ ရွှေကမ္ဘာငွေစုငွေချေး သမဝါယမအသင်းနှင့် စမ်းဝတီမွေးမြူရေးနှင့် သဘာဝမြေဩဇာထုတ်လုပ်ရေး သမဝါယမအသင်းတို့ အကျိုးတူပူးပေါင်း ဆောင်ရွက်နေသော စမ်းဝတီ သဘာဝမြေဩဇာစက်ရုံကို ကြည့်ရှုလေ့လာကြသည်။

ရှေးဦးစွာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးက စမ်းဝတီ သဘာဝမြေဩဇာထုတ်လုပ်ခြင်းလုပ်ငန်း စတင်ပေါ်ပေါက်လာပုံ၊ သမဝါယမအသင်း ဖွဲ့စည်းပေးမှု၊ ဈေးကွက်ရှာဖွေချိတ်ဆက်ပေးမှု၊ အခြေခံသမဝါယမအသင်းများမှတစ်ဆင့် အသင်းသားတောင်သူများထံသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ဖြန့်ဖြူးရောင်းချနေမှုနှင့် သမဝါယမအသင်းသား တောင်သူများအတွက် သဘာဝမြေဩဇာများ ထောက်ပံ့ပေးမှုကိုလည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးမှ စမ်းဝတီ နို့စားနွား မွေးမြူရေးခြံ စတင်ပေါ်ပေါက်လာပုံ၊ နို့စားနွားများ မွေးမြူထားမှု၊ နွားစာများ စိုက်ပျိုးထုတ်လုပ်မှု၊ နို့နှင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ်နေမှု၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနနှင့်ပူးပေါင်း၍ လိုအပ်သည်များကို ပေါင်းစပ်ကူညီ ဆောင်ရွက်ပေးမည့် အခြေအနေများကိုလည်းကောင်း၊ စမ်းဝတီမွေးမြူရေးနှင့် သဘာဝမြေဩဇာထုတ်လုပ်ရေးသမဝါယမအသင်း ဥက္ကဋ္ဌ၊ စက်ရုံတာဝန်ခံက စမ်းဝတီသမဝါယမအသင်း၏ လုပ်ငန်းများဆောင်ရွက်နေမှု၊ သဘာဝမြေဩဇာ ထုတ်လုပ်နေမှုအခြေအနေ၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်းတီးပေးနိုင်မှု၊ သဘာဝမြေဩဇာ အသုံးပြု၍ စမ်းသပ်စိုက်ပျိုးမှုမှ စပါးထွက်ရှိမှု အခြေအနေ၊ စိုက်ပျိုးနည်းစနစ်နှင့် လေ့လာတွေ့ရှိချက်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဝန်ကြီးချုပ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌက စက်ရုံအတွင်း လုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုလေ့လာရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ဝန်ကြီးချုပ်များ၊ ဥက္ကဋ္ဌများအနေဖြင့် မိမိတို့ တိုင်းဒေသကြီး ပြည်နယ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုကဲ့သို့ သဘာဝမြေဩဇာများ ထုတ်လုပ်မည်ဆိုပါက မိမိတို့ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တတ်စွမ်းသမျှ ပံ့ပိုးကူညီ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ဖိတ်ကြားပြသရခြင်းမှာ တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသော စွန့်ပစ်ပစ္စည်းများအား အကျိုးရှိသည့် သဘာဝမြေဩဇာများအဖြစ် မိမိတို့၏ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ပြန်လည်ထုတ်လုပ် အသုံးပြုနိုင်စေရန် ရည်ရွယ်ခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

စမ်းဝတီမှ ထွက်ရှိသော ထုတ်ကုန်များကို FDA ထောက်ခံချက်၊ နို့စားနွားမွေးမြူခွင့် လိုင်စင်များနှင့် အသေးစားစက်မှုလက်မှုလိုင်စင်များ ရယူ၍ ဆောင်ရွက်လျက်ရှိပြီး နို့စားနွား ၃၂၂ ကောင် မွေးမြူထားကြောင်း၊ နေ့စဉ် နွားနို့ပိဿာချိန် ၄၀၀ ခန့် ထွက်ရှိပြီး ရွှေပုစွန်၊ မြစိမ်းရောင်၊ ပျဉ်းမနား မြို့တွင်းရှိ ဆိုင်များ၊ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးတပ်များ၊ စမ်းဝတီ နို့ထွက်ပစ္စည်း စက်ရုံတို့ကို နို့စိမ်း၊ ဒိန်ချဉ်၊ အသင့်ပိုးသတ်ကြိုချက်ပြီး နွားနို့များကို ထုတ်လုပ်၍ ဖြန့်ဖြူးရောင်းချ လျက်ရှိ ကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်းရှိ အဆင့်မြင့်ဈေးဝယ်စင်တာများဖြစ်သော Ocean Super Center၊ ABC Store များ၊ City Mart များတွင်လည်း ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ စမ်းဝတီသဘာဝ မြေဩဇာကို ကုန်ကြမ်းပစ္စည်းများဖြစ်သည့် နွားချေး၊ ဂျပ်ပဆန်/ ဒိုလိုမိုက် ကျောက်များ၊ အရိုးများ၊ တီကောင်များ၊ ကြက်ချေး၊ လင်းနို့ချေးများ စသည်တို့ဖြင့် ဖော်စပ်ထားပြီး မြေဩဇာအရည်အသွေး စစ်ဆေးခြင်းကို စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးရေးဆိုင်ရာ သဘာဝအရင်းအမြစ်များဌာနခွဲ ရေဆင်းသို့လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာနအောက်ရှိ ရန်ကုန်ဓါတ်ခွဲခန်းသို့လည်းကောင်း ပေးပို့စစ်ဆေး အတည်ပြုချက် ရယူဆောင်ရွက်ခဲ့ကြောင်း၊ စက်ရုံမှတစ်ရက်လျှင် ၅၀ ကီလိုဂရမ် အိတ် ၄၀၀ ကျော်နှင့် တစ်လလျှင် အိတ် ၁၀၀၀၀ ကျော် ထွက်ရှိကြောင်း။

စမ်းဝတီသဘာဝမြေဩဇာ၏ အကျိုးကျေးဇူးများအနေဖြင့် စိုက်ပျိုးသီးနှံပင် တစ်ပင်ချင်းမှ လိုအပ်သော အာဟာရဓာတ်များကို မျှတစွာရရှိစေပြီး လျင်မြန်စွာအားဖြည့်ပေးခြင်း၊ သုံးစွဲသည့် တောင်သူများအနေဖြင့် အန္တရာယ်ဖြစ်စေမှုကို ရာနှုန်းပြည့်နည်းပါးခြင်း၊ ကြာရှည်ခံခြင်း၊ ဈေးနှုန်းသက်သာခြင်း၊ မြေပျက်စီးမှုမရှိခြင်းနှင့် သီးနှံအထွက်နှုန်းကောင်းမွန်ခြင်းတို့ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)