Skip to main content

ဆောက်လုပ်ရေးဝန်ကြီးဌာန ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းတွင် အောင်မြင်ခဲ့သည့် ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကျင်းပ

နေပြည်တော် ဩဂုတ် ၁၁

ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ သား၊သမီးများ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် အောင်မြင်ခဲ့သည့် ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့်  တက္ကသိုလ် အဆင့်ကျောင်းများတွင် တက်ရောက်လျက်ရှိသည့် ဝန်ထမ်းသား၊ သမီးများအတွက်  ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စုဝေးခန်းမဆောင်၌ ကျင်းပသည်။

ရှေ့ဦးစွာ ပြည်ထောင်စုဝန်ကြီးဦးရွှေလေးက ယနေ့အခမ်းအနားတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဝန်ကြီးဌာနရှိ  ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ဝန်ထမ်းသား၊သမီးများထဲမှ ခြောက်ဘာသာဂုဏ်ထူးရှင် (၂) ဦး၊  ငါးဘာသာဂုဏ်ထူးရှင် (၄) ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၅) ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၅) ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၁၂) ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၃၀)၊ ရိုးရိုးအောင်မြင်သူ (၈၀) စုစုပေါင်း (၁၃၈)ဦး အောင်မြင့်ခဲ့သည့်အတွက် ယခုလိုချီးမြှင့်ထိုက်သူများကို ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်ပါကြောင်း။

ယနေ့ ဂုဏ်ပြုဆုတက်ရောက်ယူသည့် ကျောင်းသားကျောင်းသူများအပါအဝင်၊ တက္ကသိုလ် ဝင်တန်းအောင်မြင်သည့် ကျောင်းသားကျောင်းသူများအနေဖြင့် နိုင်ငံတော်အကျိုး၊ အများပြည်သူ အကျိုးကိုသယ်ပိုး ထမ်းရွက်နိုင်သူများဖြစ်အောင် ကြိုးစားစေလိုပါကြောင်း၊ မိမိတို့ဘဝတိုးတက် အောင်မြင်ရေးအတွက် ရည်မှန်းချက်၊ ရည်ရွယ်ချက်များထားရှိပြီး အောင်မြင်ရေးလမ်းကြောင်းမှန် ရောက်ရှိအောင် တစ်စိုက်မတ်မတ်ကြိုးစား လျှောက်လှမ်းရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ခြောက်ဘာသာဂုဏ်ထူးရှင်တို့ကို ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၏ဇနီး ဒေါ်စိမ့်နီခင် က ငါးဘာသာဂုဏ်ထူးရှင်  တစ်ဦးကို   ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်အဆင့် ကျောင်းများတွင် တက်ရောက် ပညာသင်ကြားလျက်ရှိသည့် ဝန်ထမ်းသား၊သမီးများအတွက် ပညာသင်ထောက်ပံ့စရိတ်များကို အဆောက်အဦ၊ လမ်း၊တံတားနှင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ကိုယ်စားလှယ်များထံလည်းကောင်း ပေးအပ်သည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဝင်းဖေနှင့်ဇနီးတို့က ငါးဘာသာဂုဏ်ထူးရှင် နှစ်ဦးကို ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

ယင်းနောက် တာဝန်ရှိသူများက  လေးဘာသာ၊ သုံးဘာသာ၊ နှစ်ဘာသာ၊ တစ်ဘာသာနှင့် ရိုးရိုးအောင်မြင်သူများအတွက် ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

ထို့နောက် ဂုဏ်ထူးရ ကျောင်းသားကျောင်းသူများကိုယ်စား ခြောက်ဘာသာဂုဏ်ထူးရှင် မမေသံလွင်ကျော် က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယနေ့ကျင်းပသော အခမ်းအနားတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အောင်မြင်ခဲ့သော ကျောင်းသားကျောင်းသူများနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်အဆင့် ကျောင်းများတွင် တက်ရောက် ပညာသင်ကြားလျက်ရှိသည့် ဝန်ထမ်းသား၊သမီး (၁၂၇၁) ဦးအတွက် ပညာသင်စရိတ်များ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများသည် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ရွေးချယ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် တာဝန်ပေးအပ်ခဲ့သည့် ဦးစီးအရာရှိ (စီမံ / ဘဏ္ဍာရေး / ဥပဒေ / ဗိသုကာ / မြို့ပြ / စက်မှု) နှင့် လက်ထောက်အင်ဂျင်နီယာ (မြို့ပြ / ရေသန့် / လျှပ်စစ်) များကို ကြိုဆိုတွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာန၏ မူဝါဒများ၊ ရည်မှန်းချက်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်နှင့်အညီ လိုက်နာဆောင်ရွက်ရေး၊ ပါတီနိုင်ငံရေး ကင်းရှင်းပြီး ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းနှင့်အညီ လိုက်နာနေထိုင်ရေး၊ နိုင်ငံတော်နှင့် ဝန်ကြီးဌာနအပေါ် သစ္စာရှိရန်နှင့် တာဝန်ကျေပွန်စွာ ထမ်းဆောင်ရေးတို့နှင့်ပတ်သက်၍ မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)