Skip to main content

ကျီရီးယန်းတောင် အမျိုးသားဥယျာဉ် သတ်မှတ်ဖွဲ့စည်းခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ် မေလတွင် ထုတ်ပြန်သည့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ (က)အရ အပ်နှင်းထားသည့်အခွင့်အာဏာများကိုကျင့်သုံး၍ ချင်းပြည်နယ် ဟားခါးခရိုင် ထန်တလန်မြို့နယ်အတွင်းရှိ ဧရိယာဧက ၆၈၀၄ ဒသမ ၅၀ ကို ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရန်အတွက် ကျီရီးယန်းတောင် အမျိုးသားဥယျာဉ်အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၁၂၁/၂၀၂၂ အရ)၁၃၈၄ ခုနှစ်ဝါခေါင်လဆန်း (၁၂) ရက်(၂၀၂၂ ခုနှစ် ဩဂုတ် ၈ ရက်)မှစ၍ သတ်မှတ်ဖွဲ့စည်းကြောင်း ကြေညာလိုက်သည်။

ကျီရီးယန်းတောင်သည် ချင်းပြည်နယ်တွင်ထင်ရှားသော ကျောက်တောင်ကြီးတစ်ခုဖြစ်ပြီး ထန်တလန်မြို့မှ ၄၃ မိုင်ခန့်အကွာတွင် တည်ရှိ၍ ဟားခါး - ထန်တလန် - ဆာဆီချောက် ကားလမ်းမကြီးဖြင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ကားလမ်းပေါက်ပြီး ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ ဝင်ထွက်သွားလာအပန်းဖြေနိုင်သော နေရာဖြစ်ခြင်း၊ သစ်ပင်မျိုးစုံနှင့် ဇီဝမျိုးစုံမျိုးကွဲများပေါကြွယ်ဝခြင်း၊ ဘူမိရုပ်သွင်ထူးခြားသော ဒေသဖြစ်ခြင်းတို့ကြောင့် ကာကွယ်ထိန်းသိမ်းရန်ရည်ရွယ်၍ သတ်မှတ်ဖွဲ့စည်းခြင်းဖြစ်သည်။

အမျိုးသားဥယျာဉ်အတွင်း ချင်းပြည်နယ်၏ အမှတ်အသားသင်္ကေတဖြစ်သော တောင်ဇလပ်ဖြူ၊ တောင်ဇလပ်နီနှင့် ချယ်ရီပင်များပေါက်ရောက်ပြီး သဘာဝတောအနေအထားများ ကောင်းမွန်ခြင်း၊ မျိုးသုန်းရန်အန္တရာယ်ရှိသည့် တောဆိတ်၊ တောင်ဆိတ်၊ ကျားသစ်နှင့် သင်းခွေချပ် စသည့် တောရိုင်းတိရစ္ဆာန်များကျက်စားနေထိုင်ခြင်း၊ ဘူမိရူပသွင်ပြင်ထူးခြားသည့် သဘာဝကျောက်ဆောင်ကျောက်တန်းများနှင့် ရေတံခွန်များတည်ရှိခြင်းနှင့် ရှည်လျားပြီး လူတစ်ရပ်ခန့်မြင့်သည့် လိုဏ်ဂူအတွင်း သေးငယ်သည့် လင်းနို့များစွာတွေ့ရှိရခြင်းတို့ကြောင့် ဇီဝမျိုးစုံမျိုးကွဲများစုံလင်သဖြင့် ကျီရီးယန်းတောင် အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ကြေညာခြင်းဖြစ်သည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန