Skip to main content

တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများဆက်လက်ထိုးနှံ

နေပြည်တော် ဩဂုတ် ၁၀

ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင်ပါဝင်သည့် လုပ်ငန်းတစ်ရပ်ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက် ၄၀ အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင် စခန်းများအတွင်းရှိ ပြည်သူများ၊ အသက် ၅ နှစ်မှ ၁၂ နှစ်အထက် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ စသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်၌ ဒေသခံပြည်သူ ၈၂ ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ဒေသခံပြည်သူ ၇၂၈၈ ဦး၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်ခုနစ်မြို့နယ်တို့၌ ဒေသခံပြည်သူ ၁၄၆၂ ဦးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ခုနစ်ခုတို့မှ ဒေသခံပြည်သူ ၉၈၁၅ ဦးတို့ကို တပ်မတော်မှဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့်ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထို့အတူ ကျောင်းသား၊ ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ကျောင်းသား၊ ကျောင်းသူ ၈၃၇၆ ဦး၊ ရခိုင်ပြည်နယ် မင်းပြားမြို့နှင့် ကျောက်ဖြူမြို့နယ်တို့၌ ကျောင်းသား၊ ကျောင်းသူ ၃၇၆ ဦးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ခုနစ်ခုတို့၌ ကျောင်းသား၊ ကျောင်းသူ ၂၂၃၅၅ ဦးတို့ကို တပ်မတော်မှဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့်ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်