နေပြည်တော် ဩဂုတ် ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့မွန်းလွဲပိုင်းက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းခန်းမ၌ပြုလုပ်ရာ တိုင်းမှူးဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အလှူရှင်များတက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် စေတနာရှင်အလှူရှင်များက လားရှိုးမြို့နယ်အတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး တိုင်းမှူက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပြီး ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
အလားတူ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်အတွင်း နယ်မြေလုံခြုံရေးတာဝန်များထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ယနေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ကိုကိုဦးနှင့် အဖွဲ့ဝင်များက မိတ္ထီလာမြို့ရှိ နယ်မြေခံရဲတပ်ဖွဲ့ခွဲနှင့် တောင် တွင်းကြီးတပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်းတို့၌ သွားရောက်တွေ့ဆုံပြီးလုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။