နေပြည်တော် ဩဂုတ် ၁၀
ပြန်ကြားရေးဝန်ကြီးဌာနက ကြီးမှူးဖွင့်လှစ်သည့် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု (Media and Information Literacy) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၁၀ ရက်၊ နံနက် ၉ နာရီခွဲအချိန်က ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မီဒီယာပညာရှင်များနှင့် ပူးပေါင်း၍ မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုမှတစ်ဆင့် သတင်းမှား/သတင်းမှန် ခွဲခြားသိမြင်လာစေရန်၊ အမုန်းစကားများကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းဖြစ်လာရေး မြှင့်တင်ဆောင်ရွက်ရန်အတွက် ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းတွင် မြန်မာနိုင်ငံ၏ မီဒီယာနှင့်သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု မူဘောင်နှင့် ဂေဟစနစ်၊ သတင်းအချက်အလက်အမှားများ၊ လုပ်ကြံသတင်း၊ မသမာသတင်းနှင့်အမုန်းစကားများပျံ့နှံ့ရာ လူမှုမီဒီယာများ၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ အမုန်းစကားများနှင့် ယင်း၏ အကျိုးသက်ရောက်မှုများ၊ သတင်း၊ ဓာတ်ပုံနှင့် ဗီဒီယိုများကို ပြုပြင်တည်းဖြတ်ထားမှု၊ လုပ်ကြံဖန်တီးထားမှု ရှိ/မရှိကို သက်ဆိုင်ရာ Website များ၊ Application များကို အသုံးပြု၍ စစ်ဆေးခြင်းစသည့် ဘာသာရပ်များကို စာတွေ့ လက်တွေ့ ဆွေးနွေးပို့ချပေးမည် ဖြစ်ပါသဖြင့် ကြိုးစားသင်ယူကြစေလိုကြောင်း ပြောကြားသည်။
မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု (Media and Information Literacy) သင်တန်းကို ဩဂုတ်လ ၁၀ ရက်မှ ၁၂ ရက်အထိ (၃)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် ဝန်ကြီးဌာနအသီးသီးမှ သင်တန်းသားအရာရှိ (၃၁) ဦး တက်ရောက်ကြကြောင်း သိရသည်။