ရန်ကုန် ဩဂုတ် ၈
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အနောက်ပိုင်းခရိုင် ၂၀၂၂ ခုနှစ် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်) ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားနှင့် ပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (MCC) ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၊ ဆပ်ကော်မတီအသီးသီးတို့မှ ကော်မတီဝင်များ၊ အကဲဖြတ်ဒိုင်များ၊ ပြိုင်ပွဲဝင်များနှင့် မိသားစုဝင်များ၊ အနုပညာချစ်မြတ်နိုးသူ ပြည်သူများတက်ရောက်ကြ သည်၊၊
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် (၂၃) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး (ခရိုင် အဆင့်) ပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဗိုလ်ဌေး၊ ရန်ကုန်တိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဦးစီးကော်မတီဥက္ကဋ္ဌ ဦးဌေးအောင်၊ အဆို၊ အက၊ အရေး၊ အတီး အကဲဖြတ်ပညာရှင်များနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်၊၊
ယင်းနောက် လသာမြို့နယ်မှ ဦးမင်းဦး၏ အောင်ပါစေသီချင်းဖြင့် ဖျော်ဖြေတင်ဆက်မှုနှင့်အတူ မရမ်းကုန်းမြို့နယ်မှ မောင်ဖြိုးဝေစိုး၊ မမျိုးသီရိခိုင်တို့က အကဖြင့်လည်းကောင်း၊ မရမ်းကုန်းမြို့နယ်မှ မောင်ချစ်ကိုကိုကျော်၊ မအေးသီရိခိုင်တို့က ရုပ်သေးအကဖြင့် ဖျော်ဖြေတင်ဆက်မှုကိုလည်းကောင်း၊ လသာမြို့နယ်မှ ဦးသန်းဇော်နှင့်အဖွဲ့၏ အိုးစည်အတီးဖြင့် ဖျော်ဖြေတင်ဆက်မှုတို့ကိုလည်းကောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများနှင့် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြသည်။
ထို့နောက် ပြိုင်ပွဲဝင်များက အဆို၊ အက၊ အရေး၊ အတီးကဏ္ဍအလိုက် MCC ခန်းမသတ်မှတ်နေရာအသီသီး၌ ယှဉ်ပြိုင်ကြရာ ရန်ကုန်တိုင်းဒေသကြီး အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ဦးဌေးအောင်နှင့် ဆပ်ကော်မတီဝင်များက ကြည့်ရှုအားပေးကြသည်၊၊
ရန်ကုန် အနောက်ပိုင်းခရိုင် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်) ပြိုင်ပွဲကိုယနေ့မှ ဩဂုတ် ၉ ရက်အထိ ကျင်းပမည်ဖြစ်ရာ အဆိုပြိုင်ပွဲတွင် ၂၄ ဦး၊ အကပြိုင်ပွဲတွင် ၁၁ ဦး၊ အရေးပြိုင်ပွဲတွင် တစ်ဦး၊ အတီးပြိုင်ပွဲတွင် ၅၅ ဦး စုစုပေါင်း ၉၁ ဦး ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
သတင်းစဉ်