ရန်ကုန် သြဂုတ် ၅
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကမာရွတ်မြို့နယ် ဗဟိုလမ်းရှိ နာနတ်တော စည်ပင်သာယာရဲတပ်ဖွဲ့လိုင်းအတွင်း ရွေ့လျားဈေးကားစနစ်ဖြင့် ကုန်စိမ်း၊ ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး/ပုစွန်အမျိုးမျိုးတို့ကို ဈေးနှုန်းသက်သာစွာ ရောင်းချပေးနေမှုနှင့် လိုင်းခန်းအတွင်းရှိ တပ်တွင်းဆံသဆိုင်၊ ဆေးပေးခန်းနှင့် စာကြည့်တိုက်တို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ပြည်သူများလွယ်လင့်တကူ ဈေးဝယ်နိုင်ရန် ယနေ့တွင် အလုံမြို့နယ် ဌာနာရပ်ကွက်၊ ရန်ကင်းမြို့နယ် ပြည်သာယာအိမ်ရာနှင့် ရွှေအုန်းပင်အိမ်ရာ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ဗိုလ်ဗထူးအိမ်ရာနှင့် ဗိုလ်မင်းရောင်အိမ်ရာများတွင်လည်း ရွေ့လျားဈေးကားစနစ်ဖြင့် ဈေးရောင်းချပေးခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့တော်ဝန်သည် လှိုင်မြို့နယ် ၁၄ ရပ်ကွက် ဘုရင့်နောင်လမ်း အရှေ့ဘက်ခြမ်း အုတ်ကျင်းဘူတာရုံလမ်းနှင့် ပိတောက်ချောင်းအကြား အုတ်ရေမြောင်းတည်ဆောက်နေမှု၊ ပိတောက်ချောင်း မြေထိန်းနံရံတည်ဆောက်ထားရှိမှုနှင့် သီရိမင်္ဂလာဈေးအဝင် ကုန်တင် ယာဉ်ရပ်နားရာနေရာကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်