၁။ မြန်မာနိုင်ငံသည် အဓိကပြတ်ရွေ့ကြောကြီး တစ်ခုဖြစ်သော စစ်ကိုင်းပြတ်ရွေ့နှင့် အခြားသော ငလျင်ပြတ်ရွေ့ကြောငယ်များ တည်ရှိနေသည့်အတွက် ငလျင်ဘေးအန္တရာယ်ကြီးမားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။
၂။ ငလျင်ဘေးအန္တရာယ်သည် ကြိုတင်ခန့်မှန်းနိုင်မှုမရှိသေးဘဲ နေ့၊ ည အချိန်မရွေး လှုပ်ခတ်နိုင်ပြီး အဖျက်စွမ်းအားကြီးမားသည့် ဘေးအန္တရာယ် တစ်ခုဖြစ်သည့်အတွက် ပြည်သူလူထုအနေဖြင့် ငလျင်၏သဘောသဘာဝများ၊ ငလျင်ကြောင့် အသက်အန္တရာယ်ကင်းရှင်းရေးအတွက် နေထိုင်ပြုမူရမည့် အသိပညာ၊ ဗဟုသုတများကို လေ့လာ သိရှိထားရန်နှင့် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်နိုင်ပါရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အကြံ ပြုအပ်ပါသည်-
ငလျင်မလှုပ်မီ သိရှိဆောင်ရွက်ထားရန်အချက်များ
- အခန်းတိုင်းတွင် လုံခြုံသောနေရာကို သိရှိထားရမည်။ ခိုင်ခံ့သော စားပွဲခုံအောက်၊ ခုတင်အောက်၊ အခန်း၏ ထောင့်နေရာများ၊ အတွင်းနံရံ (သို့မဟုတ်) တိုင်နှင့်ကပ်လျက်နေရာ၊ တံခါးပေါင်အောက်စသည်ဖြင့် ကြိုတင်လေ့လာရွေးချယ်ထားသင့်ပြီး အဆိုပါ လုံခြုံမှုရှိနိုင်သောနေရာများသို့ ဝင်ရန်၊ အကာအကွယ်ယူရန် လေ့ကျင့်ထားပါ။
- အဆောက်အအုံများအတွင်း ပြတင်းပေါက်များ၊ မှန်များ၊ တွဲလောင်းချိတ်ထားသော ပစ္စည်းများ၊ မြင့်သော/ ယိုင်လဲနိုင်သော ပရိဘောဂများ၊ ပစ္စည်းများစွာတင်ထားသော စင်များစသည့် အန္တရာယ်ရှိနိုင်သော နေရာများကို သိရှိထားပါ။
- အဆောက်အအုံအတွင်းမှ ထွက်ပြေးရန် လမ်းကြောင်းများ၊ အရန်လမ်းကြောင်းများ၊ အရေးပေါ်ထွက်ပေါက်များကို ကြိုတင်လေ့လာသိရှိထားပါ။
- လျှပ်စစ်မိန်းခလုတ်ချခြင်း၊ ဓာတ်ငွေ့အိုးများ/ ပိုက်များ ပိတ်ခြင်းတို့ကို စမ်းသပ်လေ့ကျင့် ထားပါ။
- လေးလံသည့် ဗီရိုကြီးများ၊ အခြားပရိဘောဂများကို ယိုင်လဲပြီး ထိခိုက်မှုမဖြစ်စေရန် နံရံများနှင့် တွဲကပ်ထားပါ။ ကြီးမားလေးလံသည့် ပစ္စည်းများ၊ ကွဲတတ်သောပစ္စည်းများကို အနိမ့်ပိုင်းတွင်ထားရှိခြင်းဖြင့် ပြုတ်ကျခြင်း၊ ထိခိုက်နိုင်ခြင်းတို့မှ ကာကွယ်ပါ။ ပန်းချီ ကားကြီးများ၊ ကြည့်မှန်ကြီးများ စသည့် လေးလံသည့်ပစ္စည်းများကို အိပ်ရာ၊ ခုံတန်း ရှည်စသည့် လူနေထိုင်လဲလျောင်းရာ နေရာ တို့နှင့် ဝေးရာတွင် ချိတ်ပါ။
- အရေးကြီးစာရွက်စာတမ်းများ၊ အရေးပေါ် အစားအစာ၊ သောက်ရေ၊ ဓာတ်မီး၊ ဓာတ်ခဲ၊ ရေဒီယို၊ ရှေးဦးသူနာပြုပစ္စည်းများ၊ ဆေးဝါး စသည့် အရေးပေါ်သုံးပစ္စည်းများ ကြိုတင် စုစည်း၍ အဆင်သင့်ထားရှိပါ။
ငလျင်လှုပ်နေစဉ် ဆောင်ရွက်ရန်အချက်များ
- ကြောက်ရွံ့ထိတ်လန့်မှု မဖြစ်ပါနှင့်၊ သတိရှိပါ၊ တည်ငြိမ်မှုရှိပါ။
- အဆောက်အအုံထဲတွင် ရှိနေပါက အထဲတွင်သာနေပါ။ အပြင်တွင်ရောက်ရှိနေပါက အပြင်တွင်သာ ဆက်၍နေပါ။ ထိခိုက်မှုအများစုသည် ငလျင်လှုပ်စဉ် အဆောက်အအုံအတွင်းမှ ထွက်ပြေးခြင်း၊ အတွင်းသို့ ပြေးဝင်ခြင်းတို့ ကြောင့် ဖြစ်ပါသည်။
- ငလျင်လှုပ်ခတ်ပါက လဲကျသွားနိုင်သည့် အန္တရာယ်မှ ကာကွယ်ရန်ထိုင်ချပါ။ ဦးခေါင်းကို ဦးစားပေး အကာအကွယ်ယူပါ။ အခိုင်အမာဆုံး နေရာကို မြဲမြံစွာ ကိုင်ထားပါ။
- မီးဖိုအသုံးပြုနေစဉ် ငလျင်လှုပ်ပါက မီးခလုတ် များပိတ်ပါ။ မီးတောက်ကို ငြှိမ်းပါ။
- အဆောက်အအုံမှ ထွက်ခွာရမည်ဆိုပါက စနစ်တကျထွက်ခွာပါ။ အလောတကြီး ပြေးထွက်ခြင်းသည် ပို၍အန္တရာယ်များနိုင်သည်။ ဓာတ်လှေကားများ အသုံးမပြုပါနှင့်။ ရိုးရိုးလှေကားမှ ဆင်းပါ။ အထပ်မြင့်အဆောက် အအုံများမှ ခုန်မချပါနှင့်။
- အဆောက်အအုံပြင်ပတွင် ဖြစ်နေပါက အဆောက်အအုံများ၊ သစ်ပင်များ၊ ဆိုင်းဘုတ်များ၊ ဓာတ်ကြိုးများ၊ ဓာတ်တိုင်များ၊ တံတားများ၊ တောင်စောင်းများ၊ မြစ်ကမ်းများအနီးမှ ရှောင်ရှားနေထိုင်နေပါ။ ကွင်းပြင်များတွင်နေပါ။
- ဆိုင်ကယ်၊ ကား မောင်းနေချိန်ဖြစ်ပါက အရှိန်လျှော့ပြီး ဘေးကင်းရာနေရာတွင် ရပ်ထားပါ။
- ပင်လယ်ကမ်းစပ်များတွင် နေထိုင်သူများအနေဖြင့် ဆူနာမီအန္တရာယ်ကို သတိပြုပါ။
ငလျင်လှုပ်ပြီးနောက် ဆောင်ရွက်ရန်အချက်များ
- မိမိတို့နေထိုင်ရာ အိုးအိမ်၊ အဆောက်အအုံ များတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်ခြင်း ရှိ/မရှိ၊ ယိုင်နဲ့ခြင်း ရှိ/မရှိ စစ်ဆေးပါ။ ထိုသို့ ဖြစ်ပေါ်နေပါက ထိုနေရာများမှ ခေတ္တရှောင်ရှား နေထိုင်ပါ။
- လျှပ်စစ်မီးကြိုးများကို စစ်ဆေးပါ။ ပြုတ်ကျ/ ပြတ်ကျနေသော လျှပ်စစ်မီးကြိုးများကို မကိုင်ပါနှင့်၊ သက်ဆိုင်ရာသို့ သတင်းပို့ပါ။
- ငလျင်ကြီးလှုပ်ပြီးနောက် ငလျင်လတ်နှင့် ငလျင်ငယ်များသည် နာရီပိုင်း၊ ရက်ပိုင်း၊ သီတင်းပတ်ပိုင်းမှသည် လပိုင်းအထိ ဆက်လက်ဖြစ်ပွားနိုင်ပြီး ကွဲအက်ချည့်နဲ့ သွားသော တိုက်တာအဆောက်အအုံများ၊ လမ်း၊ တံတားများသည် နောက်ဆက်တွဲ မြေငလျင်များကြောင့် ထပ်မံပျက်စီး ပြိုကျ တတ်ကြောင်း သတိပြုပါ။
- မီးလောင်ခြင်း၊ ရေကာတာကြီးများ ကျိုးပျက် ၍ ရေလွှမ်းခြင်း၊ တောင်ပြိုခြင်း၊ မြေပြိုခြင်း၊ ဆူနာမီရေလှိုင်းများ ရိုက်ခတ်ခြင်းများ စသည့် နောက်ဆက်တွဲအန္တရာယ်များကို သတိပြုပါ။
၃။ ပြည်သူလူထုအနေဖြင့် ကြိုတင်မသိရှိနိုင်ဘဲ အချိန်မရွေးလှုပ်ခတ်နိုင်သည့် ငလျင်ဘေးအန္တရာယ်နှင့် ပတ်သက်၍ အချိန်တိုင်းတွင် ဂရုပြုနေထိုင်ကြပါရန်၊ ပြည်သူအထိတ်တလန့် ဖြစ်စေမည့် ကောလာဟလသတင်းများကို ဖြန့်ဝေခြင်းမပြုကြ ပါရန်၊ မယုံကြည်ပါရန်နှင့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် ဖွင့်လှစ်ထားရှိသည့် Hot-Line ဖုန်းများဖြစ်သော ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ်သတင်းရယူ အကူအညီတောင်းခံနိုင် ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။ ။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန