Skip to main content

သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ်အဖြစ် လာရောက်သည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဆာဂျီလတ်ဗ်ရော့သည် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၃ ရက်၊ နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ရောက်ရှိခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များက နေပြည်တော်လေဆိပ်၌ ကြိုဆိုခဲ့ကြသည်။

အဆိုပါ အလုပ်သဘောခရီးစဉ်အတွင်း နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဆာဂျီလတ်ဗ်ရော့သည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ သီးသန့်တွေ့ဆုံခဲ့ပြီး၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးနှင့် နိုင်ငံတကာမျက်နှာစာတွင် အပြန်အလှန်ယုံကြည်၊ နားလည်မှုများကို အခြေခံလျက်ဆက်လက်၍ ပူးပေါင်းဆောင်ရွက်သွားရေးဆိုင်ရာကိစ္စရပ်များ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် မြန်မာ-ရုရှား နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြားဆွေးနွေးပွဲကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးတို့က ဦးဆောင်ကျင်းပခဲ့ရာ နှစ်ဖက်နိုင်ငံခြားရေးဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ မိတ်ဆွေရင်းချာ နိုင်ငံဖြစ်သည့် ရုရှားနိုင်ငံအနေဖြင့် မြန်မာအရေးနှင့်ပတ်သက်၍ နှစ်နိုင်ငံချင်းသာမက နိုင်ငံတကာမျက်နှာစာတွင် အစဉ်တစိုက် ပံ့ပိုးကူညီမှုများအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် မြန်မာအစိုးရ၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များ၌ အထောက်အကူပြုနိုင်ရန် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွင်းက ကိုဗစ်-၁၉ ကာကွယ်ဆေးလှူဒါန်းခဲ့မှုများနှင့် ယခုခရီးစဉ်အတွင်း မျောက်ကျောက်ရောဂါစစ်ဆေးသည့် Test Kits လှူဒါန်းမှုများအတွက်လည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

ဆွေးနွေးပွဲတွင် နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးများက မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကိစ္စရပ်များ အထူးသဖြင့် နှစ်ဖက်အစိုးရအဖွဲ့အစည်းများ၊ တပ်မတော်များနှင့် ပြည်သူများအကြား ဆက်ဆံရေးတိုးမြှင့်ရေး၊ စီးပွားရေးနှင့်ယဉ်ကျေးမှုကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများဖြစ်ကြသည့် အာဆီယံ၊ အာရှ−ဥရောပဆွေးနွေးပွဲ (အေဆမ်)၊ ဥရောပအာရှစီးပွားရေးသမဂ္ဂ (EAEU)နှင့် ကုလသမဂ္ဂတို့တွင် ဆက်လက်၍နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးတို့နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး၊ သက်ဆိုင်ရာနိုင်ငံများ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့် ဒေသတွင်းနှင့် နိုင်ငံတကာအကျိုးတူကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲအပြီးတွင် မြန်မာ−ရုရှားနှစ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ညှိနှိုင်းဆွေးနွေးပွဲအစီအစဉ် (၂၀၂၂-၂၀၂၄)ကို ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာဆာဂျီလတ်ဗ်ရော့တို့က လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြသည်။ အဆိုပါ အစီအစဉ်သည် မြန်မာနှင့်ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနများအကြား နှစ်နိုင်ငံ၊ ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အစီအစဉ်တစ်ရပ်ဖြစ်ပြီး၊ ၁၉၉၉ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရုရှားနိုင်ငံခြားရေးဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ ရွှေနန်းတော်ဟိုတယ်၌ အလုပ်သဘော နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆာဂျီလတ်ဗ်ရော့သည် ယင်းနေ့ညနေပိုင်းတွင် နေပြည်တော်မှ ပြန်လည်ထွက်ခွာခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များက နေပြည်တော်လေဆိပ်သို့ လိုက်ပါပို့ဆောင် နှုတ်ဆက်ခဲ့ကြသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

ရက်စွဲ၊ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၃ ရက်