Skip to main content

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၃-၈-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ 

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်းကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။

COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၂-၈-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၃-၈-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၅,၅၉၅) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်(၁၈)ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ (၀.၃၂) ရာခိုင်နှုန်းရှိပါသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၈,၅၅၃,၃၃၃) ခုအားစစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၆၁၄,၁၄၆) ဦး ရှိပြီဖြစ်ပါသည်။

ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိကုသမှုပေးခြင်းများဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ (၅) ဦးရှိသဖြင့် ယနေ့အထိ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း (၅၉၂,၉၂၇) ဦး ရှိပြီဖြစ်ပါသည်။ ယနေ့တွင်လည်း COVID-19 ရောဂါဖြင့် သေဆုံးသူမရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း (၁၉,၄၃၄) ဦး ရှိပါသည်။

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် COVID-19 ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ (၂-၈-၂၀၂၂) ရက်နေ့အထိ အသက် (၁၈) နှစ်နှင့်အထက် လူဦးရေစုစုပေါင်း (၃၀,၂၂၂,၃၀၇) ဦး နှင့် အသက် (၁၈) နှစ်အောက် လူဦးရေစုစုပေါင်း (၆,၀၈၄,၉၀၇) ဦးတို့အား ထိုးနှံထားရှိပြီးဖြစ်ပါသည်။

•        ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံမှု ခံယူထားခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးရမှုကို ၇ ဆ ခန့်အထိ လျှော့ချနိုင်သည်ကို တွေ့ရှိရပါသည်။ လူတိုင်းစေ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံထားရှိရန် လိုအပ်သကဲ့သို့ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ သွေးတိုး၊ နှလုံး၊ ဆီးချို အစရှိသည့် နာတာရှည်ရောဂါရှိသူများသည်လည်း ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံကြရန် အထူးလိုအပ်ပါသည်။

•          နိုင်ငံတကာခရီးသွားကဏ္ဍတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံမှုခံယူထားသူများအား ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကန့်သတ်ချက်များနှင့်ပတ်သက်၍ ဖြေလျှော့ပေးခြင်းများစွာ ဆောင်ရွက်လျက်ရှိပါသည်။

•    ကျန်းမာရေးဝန်ကြီးဌာနသည် အသက် ၅ နှစ်မှ အသက် ၁၈ နှစ်အထိ အခြေခံပညာကျောင်းသူ/ ကျောင်းသားများ၊ ကျောင်းနေပြင်ပကလေးများနှင့် ပြည်သူများအားလုံးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိခြင်းနှင့် အသက် ၁၈ နှစ်နှင့်အထက် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးစီးမှုကာလ ၆ လအတွင်းရောက်ရှိသော ပြည်သူများအားထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပါ၍ ပြည်သူများအနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနများ၊ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်၍ ကာကွယ်ဆေးထိုးနှံမှုကို မပျက်မကွက်ခံယူကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

•        ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။