နေပြည်တော် ဩဂုတ် ၃
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနက ဦးဆောင်၍ မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၌ တည်ဆောက်မည့် “ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ” ဆောက်လုပ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တင်ဒါကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးက “ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ”ကို မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် တည်ဆောက်မည်ဖြစ်သည့်အတွက် နိုင်ငံတကာအရည်အသွေးပြည့်မီအောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အဆိုပါစင်တာတွင် သက်မွေးပညာကာလတို သင်တန်းများကို ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ပြီး တိုင်းရင်းသားများအချင်းချင်း တွေ့ဆုံနှီးနှောဖလှယ်နိုင်သည့်နေရာ၊ အစည်းအဝေးများ၊ အခမ်းအနားများ ကျင်းပပြုလုပ်နိုင်သည့်နေရာ (Community Center) အဖြစ် ရည်ရွယ်ထားပါကြောင်း၊ တင်ဒါကော်မတီတွင် ဆောက်လုပ်ရေးလုပ်ငန်း အတွေ့အကြုံရှိသည့် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များပါဝင်သည့်အတွက် တည်ဆောက်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို စံချိန်စံညွှန်း သတ်မှတ်ခြင်းနှင့် အမှတ်ပေးပုံစံများပြုစုခြင်းဆိုင်ရာ နည်းလမ်းကောင်းများ ဆွေးနွေးရရှိမည်ဟု ယုံကြည်ပါကြောင်း၊ ဘက်ပေါင်းစုံမှ ဝိုင်းဝန်းအကြံပြုဆွေးနွေးပါက “ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ”ကို အရည်အသွေးပြည့်ဝစွာဖြင့် အမြန်ဆုံး အကောင်အထည်ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက အမှာစကားပြောကြားပြီးရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးက “ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ”အတွက် မြေနေရာရရှိရေး၊ ဂရန်ရရှိရေးဆောင်ရွက်ခဲ့မှုများနှင့် ဆက်လက်ဆောင်ရွက်မည့်ကိစ္စများကို ဆွေးနွေးပြောကြားသည်။
ထို့နောက် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က စင်တာတည်ဆောက်ရေးနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တက်ရောက်ကြသူများက အကြံပြုဆွေးနွေးတင်ပြကြပြီး တည်ဆောက်ရေး တင်ဒါဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက အကြံပြုဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)