နေပြည်တော် ဩဂုတ် ၃
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၂ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၁၉ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုးနှင့် ဦးရွေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဘောလုံးဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ရှေးဦးစွာ ဗိုလ်လုပွဲပွဲစဉ်အဖြစ် ကရင်ပြည်နယ်အသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကရင်ပြည်နယ်အသင်းက မွန်ပြည်နယ်အသင်းကို ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းက အကောင်းဆုံး ဂိုးသမားဆုရ သန်းရွှေဌေး(ကရင်ပြည်နယ်အသင်း) ကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ဗညားအောင်မိုးက အကောင်းဆုံးနောက်တန်း ကစားသမားဆုရ ရဲထက်နိုင် (မန္တလေးတိုင်းဒေသကြီးအသင်း)နှင့် အကောင်းဆုံး အလယ်တန်းကစားသမားဆုရ ကောင်းထက်ပိုင်(မွန်ပြည်နယ်အသင်း)တို့ကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် စောဒန်နီယယ်က အကောင်းဆုံးရှေ့တန်းကစားသမားဆုရ စီးရဖြိုး(ကရင်ပြည်နယ်အသင်း)နှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆုရ ထွန်းထွန်းနိုင်(ကချင်ပြည်နယ်အသင်း)တို့ကိုလည်းကောင်း တစ်ဦးချင်းအကောင်းဆုံးဆုတံဆိပ်များနှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးစိုင်းလုံးဆိုင်က စတုတ္ထဆုရရှိသည့် ကချင်ပြည်နယ်အသင်းအား ငွေသားဆုကို လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်းဟာက တတိယရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်က ဒုတိယဆုရရှိသည့် မွန်ပြည်နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်က ပထမဆုရရှိသည့် ကရင်ပြည်နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က ပထမဆုရရှိသည့် ကရင်ပြည်နယ်အသင်းအား အမျိုးသားတံခွန်စိုက်ဒိုင်းကို ပေးအပ်ချီးမြှင့်သည်။
၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် ၁၉ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ဇူလိုင် ၂၀ ရက်မှ ဩဂုတ် ၃ ရက်အထိ ပြိုင်ပွဲဝင်အသင်းပေါင်း (၁၄) သင်းမှ အားကစားသမား စုစုပေါင်း (၃၂၅) ဦး ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)