နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့သည့် အချိန်ကာလ ၁၈ လ (တစ်နှစ်နှင့်ခြောက်လ) ပြည့်မြောက်ခဲ့သော ၂၀၂၂ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်တွင် ဖြစ်ပေါ်ခဲ့သည့် ပကတိအခြေအနေမှန်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရက နိုင်ငံနှင့် ပြည်သူအတွက် ဆောင်ရွက်ချက်များနှင့် ဆက်လက်တာဝန်ယူ ထမ်းဆောင်သွားမည့် အခြေအနေများကို ပြောကြားခဲ့သည်။
နိုင်ငံတော်၏ အနာဂတ်ခရီးကို ဆက်လက်ထမ်းဆောင်နိုင်ရေးတွင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရှိရေး၊ ပြည်သူလူထုတစ်ရပ်လုံး အနေဖြင့် မည်သည့်ပုံစံနှင့်မဆို ခြိမ်းခြောက် အကျပ်ကိုင်၊ ဖိအားပေးခံရခြင်းမရှိဘဲ မိမိဆန္ဒအတိုင်း မဲပေးနိုင်ရေး၊ လာမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို တစ်နိုင်ငံလုံး လွတ်လပ်ပြီး တရားမျှတစွာဖြင့် နေရာအနှံ့အကြားအလပ်မရှိ ကျင်းပနိုင်ရေးတို့သည် အရေးကြီးသည့်အချက် များဖြစ်သည်။ ရွေးကောက်ပွဲတွင် တရားမျှတမှုနှင့် ခြိမ်းခြောက်အကျပ်ကိုင်မှုများ မရှိစေရေးအတွက် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးသည် အဓိကကျသဖြင့် ရွေးကောက်ပွဲ ကျင်းပရေးအတွက် နိုင်ငံရေးနှင့်လုံခြုံရေးအခြေအနေ အမြန်ဆုံးတည်ငြိမ်ဖို့ ပြည်သူ့လုံခြုံရေးစနစ်ကို မြှင့်တင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။
လာမည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့သည် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ဖြစ်သည်။ ယခုနှစ်သည် စိန်ရတုပြည်ထောင်စုနေ့ ကာလဖြစ်၍ မြန်မာနိုင်ငံ၏ အရေးပါသောကာလများကို ငြိမ်းချမ်းရေးနှစ်သတ်မှတ်ပြီး ငြိမ်းချမ်းရေးအား လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ရန် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိသည်။ တွေ့ဆုံဆွေးနွေးမှုတွင် ရလဒ် ကောင်းများရရှိခဲ့သဖြင့် ကျန်ရှိသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အားလုံးပါဝင်ဆွေးနွေး ကြခြင်းဖြင့် နိုင်ငံ၏အနာဂတ် ကောင်းမွန်လာမည်ဖြစ်သည်။ လက်ရှိကာလတွင် နိုင်ငံ၏ဒေသအချို့၌ လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်လျက်ရှိရာ EAO အဖွဲ့အချို့က ထောက်ပံ့ ကူညီပါဝင်နေသဖြင့် ယင်းကို နိုင်ငံတော်အစိုးရက အလေးထား ဆောင်ရွက်သွားမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် ရှေးနှစ်ပေါင်း ထောင်ချီကာလမှစ၍ တိုင်းရင်းသားလူမျိုးများ စုပေါင်းနေထိုင်ကြသော နိုင်ငံဖြစ်သည်။ ရှေးက နယ်မြေဒေသအုပ်ချုပ်ရေး ပုံစံကွဲပြားသော်လည်း ပင်မအုပ်ချုပ်ရေးပုံစံဖြင့် အုပ်ချုပ်ခဲ့သည်။ နိုင်ငံလွတ်လပ်ရေးအတွက် ကြိုးပမ်းရာတွင် ပြည်ထောင်စုတစ်ခုလုံး စည်းလုံး ညီညွတ်မှုဖြင့် လွတ်လပ်ရေးရယူခဲ့သည်။ ထို့ကြောင့် အစဉ်အဆက် ပြည်ထောင်စုစနစ်ဖြင့် တည်ဆောက်ထားသော နိုင်ငံကို ခိုင်မာသည်ထက် ခိုင်မာအောင် တည်ဆောက် နိုင်မှသာလျှင် နိုင်ငံတော် အဓွန့်ရှည်တည်တံ့ ခိုင်မြဲမည်ဖြစ်သည်။ ပြည်ထောင်စုကြီး အနာဂတ်ရှေ့ခရီးတွင် နိုင်ငံတော်ကြီး တည်တံ့ခိုင်မြဲဖို့၊ နိုင်ငံသားအားလုံး ဒီမိုကရေစီ အခွင့်အရေးကို တန်းတူညီမျှခံစားနိုင်ဖို့အတွက် နိုင်ငံရေးအရ ပြုပြင်ဆောင်ရွက် ခြင်းနှင့် တိုင်းရင်းသားရေးအရ ပြုပြင်ဆောင်ရွက်ခြင်းတို့ကို နိုင်ငံတော် စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ သုံးကြိမ်ကျင်းပခဲ့သော အတွေ့အကြုံအရ ရွေးကောက်ပွဲနှင့်ပါတီများအားလုံး၏ အားသာချက်၊ အားနည်းချက်၊ သင်ခန်းစာ စသည်တို့ကို များစွာရရှိခဲ့ပြီးဖြစ်သည်။ ထိုအချက်များအပေါ်မူတည်၍ နိုင်ငံရေးအရ ပြုပြင်ဆောင်ရွက်မှုများ ပြုလုပ်နေပြီ ဖြစ်သည်။ တိုင်းရင်းသားရေးအရ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအား ဖိတ်ခေါ်ဆွေးနွေးခဲ့ရာ ဆွေးနွေးပြီးသမျှ လက်ခံအဆင်ပြေခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန်အတွက် လွှတ်တော်အတွင်း၌ တိုင်းရင်းသားပြည်သူ များ ပါဝင်ဆွေးနွေးနိုင်ရန် အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်သည်များကို စီစဉ်ဆောင်ရွက်လျက်ရှိသည်။ ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေး၊ အေးချမ်းသာယာ ဝပြောရေးအတွက် တိုင်းရင်းသား ပြည်သူအားလုံးပါဝင် ဆောင်ရွက်ကြရန် လိုအပ်ပါသည်။ ရွေးကောက်ပွဲကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအားလုံး ပါဝင်ဆောင်ရွက်မှသာ တိုင်းရင်းသားပြည်သူအားလုံး အပြည့်အဝပါဝင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပါဝင်ရန် ကျန်ရှိနေသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေဖြင့် ပြည်ထောင်စုကြီး ရှေ့ရေးကိုဦးစားပေး၍ ပါဝင်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
သို့ဖြစ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “ရှေ့သို့ချီမည် ပန်းတိုင်ဆီ” (Keep Moving Forward to Achieve Our Goal) ဆိုသည့်အတိုင်း နိုင်ငံအကျိုး၊ တိုင်းရင်းသား ပြည်သူလူထုအကျိုးကို ရှေးရှုပြီး ပိုမိုကောင်းမွန်သည့် နိုင်ငံတော်နှင့် လူမှုစီးပွားဘဝများကို တည်ဆောက် ပေးသွားမှာ ဖြစ်ကြောင်း အသိပေးထားသောကြောင့် တိုင်းရင်းသားပြည်သူအားလုံး အတူတကွ လက်တွဲပါဝင် ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။