နေပြည်တော် ဩဂုတ် ၁
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားပြီး ရဲတပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် နေအိမ်လိုင်းခန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွမ်းလုံမြို့ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ကွတ်ခိုင်မြို့ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်အသီးသီးမှ တာဝန်ရှိသူများက နယ်မြေခံတပ်ခန်းမများနှင့် ရဲစခန်းများ၌ တွေ့ဆုံအမှာစကားပြောကြားပြီး စားသောက်ဖွယ်ရာနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်သည်။
ထို့နောက် နယ်မြေခံဆေးကုသရေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ထိုသို့ဆောင်ရွက်ပေးနေမှုများကို တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်