Skip to main content

မြို့နယ်အချို့၌ PDF အမည်ခံအကြမ်းဖက်သမားများက ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြားကာ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီး

နေပြည်တော် ဩဂုတ် ၁

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏ အနာဂတ်ဖြစ်သည့် မျိုးဆက်သစ်ရင်သွေးငယ်များ၏ ပညာရေးတွင် နောက်ကျကျန်မှုမဖြစ်ပေါ်စေရေးအတွက် ပညာသင်ကြားနိုင်မှု အခွင့်အလမ်းကို ပြည့်ဝစွာအသုံးချနိုင်စေရန် အခြေခံပညာကျောင်းများကို ဇွန်လ ၂ ရက်တွင် စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ကျောင်းဝတ်စုံ၊ ကျောင်းသုံးဖတ်စာအုပ် အပါအဝင် ကျောင်းသုံးစာရေးကိရိယာများကို နိုင်ငံတော်အစိုးရမှ အခမဲ့ထောက်ပံ့ပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို အင်တိုက်အားတိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

သို့ရာတွင် NUG အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ၎င်းတို့၏လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံအားပေးလာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြု ပစ္စည်းများနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးစာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအဓမ္မ လုယူခြင်းစသည့် နည်းလမ်းမျိုးစုံအသုံးပြုကာ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၃၁ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ် နည်းပညာတက္ကသိုလ်၌ တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသူ၊ကျောင်းသားများအား Yesogo Revolution Group-YRG PDG အမည်ခံ PDF အကြမ်းဖက်သမားများက Online ပေါ်မှ “ကျောင်းသား/သူများအနေဖြင့် ဆက်လက်ပြီးကျောင်းမတက်ရန်နှင့် ကျောင်းဆက်လက်တက်မည်ဆိုပါက ဖြစ်လာမည့် အကျိုးဆက်များကို ၎င်းတို့အဖွဲ့မှ တာဝန်မယူကြောင်း ပထမဆုံးအကြိမ်နှင့် နောက်ဆုံးအကြိမ် သတိပေးထုတ်ပြန်လိုက်ကြောင်း” ဟု ရေးသားခြိမ်းခြောက်ထားသည်ကို တွေ့ရှိရသဖြင့် နည်းပညာတက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများနှင့် ဆရာ၊ ဆရာမများ၏ လုံခြုံရေးအတွက် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ပေးထားရှိကြောင်း သိရသည်။

ထို့အတူ ဇူလိုင်လ ၃၁ ရက် ည ၉ နာရီအချိန်တွင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကြံတောကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီးဖြစ်ပြီး အဆိုပါ ကျေးရွာနေထိုင်သည့် ဒေါ်တိုးတိုးလွင်(၄၄)နှစ် (ဘ)ဦးနိုင်တူး၏ နေအိမ်အရှေ့သို့ တောင်ကလေး ကျေးရွာဘက်မှ ကြံတောကျေးရွာဘက်သို့ မုဒုံ-ချောင်းနှစ်ခွကားလမ်းအတိုင်း ဆိုင်ကယ်တစ်စီး မောင်းနှင်လာသည့် အကြမ်းဖက်သမားအမျိုးသား ၂ ဦး(စိစစ်ဆဲ) ရောက်ရှိလာပြီး သေနတ်ဖြင့် ၅ ချက်ခန့်ပစ်ခတ်၍ ထွက်ပြေးသွားခဲ့ရာ ပစ်ခတ်ခဲ့မှုကြောင့် လူနှင့်အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။

အလားတူ ဩဂုတ်လ ၁ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ တောင်ဖီလာရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်းခွဲအနီး ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျောင်းနှင့်ကပ်လျက်ရှိ အမျိုးသမီးအိမ်တွင်းမှု အတက်သင်ကျောင်းအရှေ့ လမ်းပေါ်၌ လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲထားသည်ကိုတွေ့ရှိရပြီး ပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အဦ ထိခိုက်မှုမရှိကြောင်းနှင့် အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျောင်းသား၊ကျောင်းသူ ၄၃၄ ဦး ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိသည်။ တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံးအနေဖြင့်လည်း ယခုကဲ့သို့ ယုတ်မာရိုင်းစိုင်းသည့်လုပ်ရပ်ကို ကျူးလွန်ခဲ့သည့် ကျူးလွန်ရန် အားပေးလှုံ့ဆော်နေသည့် NUG၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့ များအပေါ် ဝိုင်းဝန်းဆန့်ကျင်ကြရန်နှင့် အကြမ်းဖက်အဖွဲ့များ၏ လှုပ်ရှားမှုသတင်းများရရှိပါက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များထံ သတင်းပို့ခြင်းဖြင့် ပြည်သူ့လုံခြုံရေး၊ အနာဂတ်ရင်သွေးငယ်များ၏ လုံခြုံရေးကို ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံတိုက်တွန်းထားကြောင်း သိရသည်။