Skip to main content

မိုင်းဆတ်မြို့နယ်၊ မိုင်းကျက်ကျေးရွာရှိ မိုင်းကျက်အထက်ဂူတွင် ၃ နှစ်၊ ၃ လ၊ ၃ ရက် အဓိဋ္ဌာန်ဝင်တော်မူပြီး အဓိဋ္ဌာန်ပြည့်၍ မိုင်းကျက်အထက်ဂူမှ ပြန်လည်ထွက်လာသည့် မိုင်းဖုန်းဆရာတော်ဘုရားကြီးအား သွားရောက်ဖူးမြော်

နေပြည်တော် ဩဂုတ် ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၊ မိုင်းကျက်ကျေးရွာအနီးရှိ မိုင်းကျက်အထက်ဂူအတွင်း ၂၀၁၉ ခုနှစ်၊ အေပြီ ၂၈ ရက်မှ စတင်၍ ၃ နှစ်၊ ၃ လ၊ ၃ ရက်တိတိ တရားကျင့်ကြံအားထုတ် အဓိဋ္ဌာန်ဝင်တော်မူလျက်ရှိသော မိုင်းဖုန်းဆရာတော်ဘုရားကြီး အရညဝါသီ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ ဉာဏသံဝရ သည် ယနေ့နံနက်ပိုင်းတွင် အဓိဋ္ဌာန်ပြည့်တော်မူပြီး မိုင်းကျက်အထက်ဂူမှ ပြန်လည်ထွက်တော်မူလာရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အသီးသီးနှင့် အနယ်နယ်အရပ်ရပ်မှ ဆရာတော်ကြီးအား ဖူးမျှော်ကြည်ညိုကြသည့် ဒေသခံတိုင်းရင်းသားပြည်သူအပေါင်းက သွားရောက်ဖူးမြော်ခဲ့ကြသည်။

ဦးစွာ မိုင်းဖုန်းဆရာတော်ဘုရားကြီးသည် တရားကျင့်ကြံအားထုတ်အဓိဋ္ဌာန်ဝင်တော်မူသော မိုင်းကျက်အထက်ဂူမှ အဓိဋ္ဌာန်ပြည့်တော်မူပြီး ပြန်လည်ထွက်တော်မူလာရာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားများက ဖူးမျှော်ကြည်ညိုကြပြီး ဆရာတော်ကြီးအား မိုင်းကျက်အထက်ဂူမှ မင်္ဂလာစုမ့်မိန်း ဝေါယာဉ်တော်ဖြင့် ပင့်ဆောင်ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားများက ဆရာတော်ကြီးအား မင်္ဂလာစုမ့်မိန်း ဝေါယာဉ်တော်အား ရှေ့မှ ကြိုးဖြင့် ဆွဲတော်မူ၍ နမ့်စင်ချောင်းသို့ ပင့်ဆောင်လာပြီး နမ့်စင်ချောင်းဘေးတွင် မိုင်းဖုန်းဆရာတော်ဘုရားကြီးက ဆံတော်ရိပ်ပယ်တော်မူပြီး တစ်ပါးထိုင်ကျောင်းတော်တွင် သီတင်းသုံးတော်မူကာ လူ၊ နတ်၊ ဗြဟ္မာသတ္တဝါအပေါင်းတို့အား မေတ္တာရေအေး တရားဓမ္မများချီးမြှင့်တော်မူရာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားပြည်သူများက ဆရာတော်ကြီးအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်ကြီးထံမှ တရားဒေသနာတော်များကို နာယူခဲ့ကြသည်။

အဆိုပါ မိုင်းဖုန်းဆရာတော်ဘုရားကြီး အရညဝါသီ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ ဉာဏသံဝရသည် မိုင်းကျက်အထက်ဂူအတွင်း ၂၀၁၉ ခုနှစ်၊ အေပြီ ၂၈ ရက်နေ့မှ စတင်၍ ၃ နှစ်၊ ၃ လ၊ ၃ ရက်တိတိ တရားကျင့်ကြံအားထုတ်အဓိဋ္ဌာန်ဝင်တော်မူကာ ယနေ့တွင် အဓိဋ္ဌာန်ပြည့် ဂူထွက်တော်မူခဲ့ခြင်းဖြစ်ပြီး ဆရာတော်ကြီးသည် မိုင်းကျက်အထက်ဂူတွင် တရားကျင့်ကြံအားထုတ်အဓိဋ္ဌာန်ဝင်တော်မူနေစဉ်အတွင်း လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါ အပေါင်းတို့အား မေတ္တာရေအေးတရားဓမ္မများအား ရှမ်းဘာသာဖြင့် ရေးသားကာ ဆရာတော်ကြီး၏တပည့်တော်များက ဆရာတော်ကြီး၏ လစဉ်မေတ္တာပို့စာများအား မြန်မာဘာသာ၊ ရှမ်းဘာသာများဖြင့် ဖြန့်ဝေပေးလျက်ရှိကြောင်း သတင်းရရှိသည်။