နေပြည်တော် ဩဂုတ် ၁
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
ထိုကဲ့သို့ အသိပေး သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ သံတောင်ရပ်ကွက်နေ သူရထက်ဝင်း(ခ) လူသားသည် ၎င်းအသုံးပြုသည့် “Thura Htet Win” Facebook အကောင့်၊ ထွန်တုံးရပ်ကွက်နေ ဖြိုးကိုနှင့် အောင်သာယာရပ်ကွက်နေ ခန့်ဇော်တို့ ၂ ဦးသည် ၎င်းတို့အသုံးပြုသည့် “Phyo Ko” Facebook အကောင့်နှင့် “Khant Zaw" Facebook အကောင့်၊ ပုသိမ်ကြီးမြို့နယ်နေ မြင့်ထူး(ခ) ဦးထူးသည် ၎င်းအသုံးပြုသည့် “U Htoo” Facebook အကောင့်၊ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်၊ အမှတ်(၂၁) ရပ်ကွက်နေ ယွန်းမီမီချစ်(ခ) ပန်းချစ်သည် ၎င်းအသုံးပြုသည့် “Pann Chit" Facebook အကောင့်၊ အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်နေ စနိုးချစ်သစ္စာထူး(ခ) ပိုးပိုးသည် ၎င်းအသုံးပြုသည့် Poe Poe” Facebook အကောင့်၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ရွာဘဲရပ်ကွက်နေ ပြည့်စုံအောင်သည် ၎င်းအသုံးပြုသည့် “Pyae Son Aung” Facebook အကောင့်၊ အုတ်တွင်းမြို့၊ အမှတ်(၂)ရပ်ကွက်နေ မျိုးဝင်း(ခ)ဖိုးတုတ်သည် ၎င်းအသုံးပြုသည့် “Myo Win” Facebook အကောင့်၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ကျောင်းကုန်းကျေးရွာနေ ကျော်ဇင်လတ်သည် ၎င်းအသုံးပြုသည့် “Myat Mon” Facebook အကောင့်နှင့် ကျောင်းကုန်းမြို့၊ (၂)ရပ်ကွက်နေ ဇော်ဇော်အောင်(ခ) ယာစင်သည် ၎င်းအသုံးပြုသည့် “Zaw Zaw Aung” Facebook အကောင့်တို့သည် အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရပါသည်။
ထိုကဲ့သို့ CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်း ပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။