နေပြည်တော် ဇူလိုင် ၃၁
မိုးသည်းထန်စွာ ရွာသွန်းခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် အတွင်းရှိ ပြည်တော်သာရပ်ကွက်၊ ရပ်ကွက်ကြီး(၉)၊ ရပ်ကွက်ကြီး(၁၈)နှင့် ဆင်လမ်းကျေးရွာတို့ရှိ မြေနိမ့်ပိုင်းများ၌ ယနေ့နံနက် ၂ နာရီ ၃၀ မိနစ်ချိန်ခန့်တွင် ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့သည်။
အဆိုပါ ရေဝင်ရောက်မှုများကြောင့် ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ပြင်ဦးလွင်တပ်နယ်မှ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများက ရေဘေးသင့်အိမ်ထောင်စု ၁၀၈၈ စုတို့ကို ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းကူညီ ကယ်ဆယ်ရေးများ ဆောင်ရွက်ပေးခြင်း၊ ပြိုကျပျက်စီးနေသည့် အုတ်တံတိုင်းများနှင့် အဆောက်အဦများအား ဖယ်ရှားရှင်းလင်းပေးခြင်းနှင့် လမ်းပိတ်ဆို့နေသည့် သစ်ပင်/သစ်ကိုင်းများအား ခုတ်ထွင် ရှင်းလင်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးကာ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁)၊ ရွှေဆင်မင်း သီလရှင်ကျောင်းတိုက်ရှိ သာသနာနွယ်ဝင် သီလရှင်များအား ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းပြီး ရပ်ကွက်ကြီး(၁)နှင့် ရပ်ကွက်ကြီး(၄)တို့ရှိ ဓမ္မာရုံများ၌ ရေဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်၍ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။