နေပြည်တော် ဇူလိုင် ၃၀
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အနောက်ရပ်ကွက်နေ ညီညီမင်းခန့်သည် ၎င်းအသုံးပြုသည့် “Nyi Nyi Min Khant” Facebook အကောင့်၊ ကျောက်ဆည်မြို့နယ်၊ ဖောင်ရွာရပ်ကွက်နေ အောင်နိုင်ဝင်းသည် ၎င်းအသုံးပြုသည့် “Aung Naing Win” Facebook အကောင့်၊ မြင်းခြံမြို့၊ အမှတ်(၁၄)ရပ်ကွက်နေ ဆက်ပိုင်ဦးသည် ၎င်းအသုံးပြုသည့် “Sat Paing Oo” Facebook အကောင့်၊ ရမည်းသင်းမြို့၊ အောင်မင်္ဂလာရပ်ကွက်နေ မင်းသုခ(ခ) အောင်မင်းခန့်သည် ၎င်းအသုံးပြုသည့် “Min Thukha” Facebook အကောင့်၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ လက်ဆည်ကန်ကျေးရွာနေ တင်မောင်ဝင်းသည် အသုံးပြုသည့် “Tin Mg Win” Facebook အကောင့်၊ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ပသွယ်ကျေးရွာနေ ဇာဇာအောင်သည် ၎င်းအသုံးပြုသည့် “Zar Zar Aung” Facebook အကောင့်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ရေပေါ်ရေလဲကျေးရွာနေ စဝင်းလွင်ဦး(ခ) ရာဇာသည် ၎င်းအသုံးပြုသည့် “Sa Win Lwin Oo” Facebook အကောင့်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ကန်အောက်ရပ်ကွက်နေ မေသူရိန်သည် ၎င်းအသုံးပြုသည့် “May Thu Rein” Facebook အကောင့်တို့သည် အသိပေးသတင်း ထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရပါသည်။
ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်း ပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ သွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူ သွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။