Skip to main content

တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီ၊ သစ်သားရုပ်တုမျိုးစုံနှင့် ဆင်းတုတော်၊ လူသုံးကုန်ပစ္စည်း၊ မော်တော်ယာဉ်အပိုပစ္စည်း၊ လုပ်ငန်းသုံးစက်ပစ္စည်းနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် ဇူလိုင် ၂၉

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၆ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရှမ်းပြည်နယ် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မူဆယ်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော ကုန်တင်ယာဉ်တစ်စီးပေါ်၌ ထိန်းချုပ်ဓာတုပစ္စည်းဖြစ်သည့် အမိုနီယမ်နိုက်ထရိတ် ရောနှောပါဝင်လာသော ဓာတ်မြေသြဇာအိတ်များနှင့် သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားခြင်းမရှိသော ရေဖျော်ဓာတ်မြေသြဇာအိတ်များ(ခန့်မှန်း တန်ဖိုးငွေကျပ် ၈၉၈၇၅၀၀၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Nissan Diesel အမျိုးအစား ၂၂ ဘီး ကုန်တင်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၃၀၀၀၀၀၀) စုစုပေါင်း(ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၃၂၈၇၅၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ ဇူလိုင် ၂၆ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအပြည်ပြည်ဆိုင်ရာလေဆိပ် လေဆိပ်ကုန်လှောင်ရုံ၌ တာဝန်ကျအကောက်ခွန်အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သွင်းကုန်လိုင်စင်တင်ပြနိုင်ခြင်းမရှိသည့် ဆေးပစ္စည်းကိရိယာများ(ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၃၀၀၀၀၀၀)ကိုလည်းကောင်း၊ ဇူလိုင် ၂၇ ရက်တွင် အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားခြင်းမရှိသည့် ပရိဘောဂဆက်စပ်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၀၀၀၀၀)ကိုလည်းကောင်း၊ ဇူလိုင် ၂၈ ရက်တွင် မြန်မာစက်မှုဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ပို့ကုန်ကြေညာလွှာ(ED)တွင် ကြေညာထားခြင်းမရှိသော ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ ထောက်ခံချက်မပါရှိသည့် သစ်သားရုပ်တုမျိုးစုံနှင့် ဆင်းတုတော်နှစ်ဆူ(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၀၀၀၀၀)နှင့် သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားခြင်းမရှိသည့် မော်တော်ယာဉ်အပိုပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၃၅၆၀၀၀) ကိုလည်းကောင်း စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၆၅၆၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဇူလိုင် ၂၇ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ထွက်ခွာလာသော ကုန်တင်ယာဉ်တစ်စီးပေါ်၌ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော လူသုံးကုန်ပစ္စည်းမျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၆၉၄၇၅၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel အမျိုးအစား ၁၂ ဘီး ကုန်တင်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၆၉၄၇၅၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဇူလိုင်လ ၂၆ ရက်နှင့် ၂၈ ရက်တို့တွင် ဝန်းသိုမြို့ စစ်ကဲကြီးရပ်ကွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးရှေ့ ကားလမ်းမပေါ်၌ တရားမဝင်စက်သုံးဆီ ဂါလန် ၂၂၀၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၀၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် ဇူလိုင် ၂၈ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ၁၆ မိုင် ကျောက်ချော စစ်ဆေးရေးစခန်း၌ တာန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကုန်တင်ယာဉ်တစ်စီးပေါ်၌ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားခြင်းမရှိသည့် လုပ်ငန်းသုံးစက်ပစ္စည်းနှင့် မော်တော်ယာဉ်အပိုပစ္စည်းများ(ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၁၂၂၅၀၀၀) နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် နောက်တွဲယာဉ်ပါ Foton Tractor Head အမျိုးအစားကုန်တင်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၈၀၀၀၀၀၀) စုစုပေါင်း(ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၉၂၂၅၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ဇူလိုင် ၂၉ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်နှင့် တောင်ငူခရိုင်များအတွင်း တရားမဝင်ကျွန်းသစ်နှင့် သစ်မာ ၁၄ ဒသမ ၀၄၆၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၁၉၆၂၀)ကို ဖမ်းဆီးရမိခဲ့ပြီး (အပေါ်ယာပုံ) သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဇူလိုင် ၂၆ ရက်၊ ၂၇ ရက်၊ ၂၈ ရက် နှင့် ၂၉ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ (၂၃) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၇၃၉၇၀၃၇၀)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီထံမှ သိရသည်။

(သတင်းစဉ်)