Skip to main content

ပုဂ္ဂလိကသို့ ရောင်းချထားသော နိုင်ငံပိုင်ရုပ်ရှင်ရုံများနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန် ဇူလိုင် ၂၉

ပုဂ္ဂလိကသို့ရောင်းချထားသော နိုင်ငံပိုင်ရုပ်ရှင်ရုံများနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကုက္ကိုင်းရိပ်သာလမ်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရုပ်ရှင်ရုံနှင့်ပတ်သက်၍ တာဝန်ယူဆောင်ရွက်နေသည့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် Virtual Meeting ဖြင့် တွေ့ဆုံဆွေးနွေးသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက ပုဂ္ဂလိကသို့ ရောင်းချခဲ့ပြီး နိုင်ငံပိုင်ရုပ်ရှင်ရုံများအနက် ရောင်းချစဉ်က စာချုပ်ပါ စည်းကမ်းအတိုင်း ရုပ်ရှင်ပြသရေးလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ခြင်းမရှိသည့် ရုပ်ရှင်ရုံဝယ်ယူထားသူများအား ရုပ်ရှင်ရုံဆောက်လုပ်ပြသနိုင်ရေး မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်စေလိုပါကြောင်း၊ စီးပွားရေးအခက်အခဲကြောင့် ရိုးရိုးသားသားပျက်ကွက်သူများ ရှိသကဲ့သို့ ရုပ်ရှင်ရုံနေရာများကို အခြားစီးပွားရေးလုပ်ငန်းများအတွက် အသုံးပြုနေကြပြီး ရုပ်ရှင်ပြသခြင်း မရှိသူများလည်းရှိနေပါကြောင်း၊ စာချုပ်ပါ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဥပဒေအရ ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်ပေးကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက မြေပြင်တွင် ရုပ်ရှင်ရုံများ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ဆောင်ရွက်ထားခြင်းမရှိမှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးကြပြီး ဒုတိယဝန်ကြီးကလိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးကာ နိဂုံးချုပ်စကားပြောကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် အင်းစိန်မြို့နယ်ရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန အောင်ဆန်းပုံနှိပ်စက်ရုံ၊ စာပေဗိမာန်ပုံနှိပ်စက်ရုံ၊ ဂျီတီစီပုံနှိပ်စက်ရုံတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ စက်ရုံများမှ စက်ရုံမှူးများနှင့် အရာထမ်းများအားတွေ့ဆုံ၍ ဝန်ထမ်းများ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြရန်၊ ပုံနှိပ်လုပ်ငန်းများဆောင်ရွက်ရာတွင် အရည်အသွေးကောင်းအောင် ကြပ်မတ်စစ်ဆေးလုပ်ဆောင်ကြရန်၊ စက်ပစ္စည်းများနှင့်ကုန်ကြမ်းပစ္စည်းများ ပျောက်ဆုံးပျက်စီးမှုမရှိစေရေးနှင့် စက်ရုံလုံခြုံရေးတို့ကို အလေးထားဆောင်ရွက်ကြရန် မှာကြားသည်။

သတင်းစဉ်