ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄) ဖြင့် ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် လုပ်ငန်းအသိအမှတ်ပြု လက်မှတ် လျှောက်ထားလာပါက ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်းနည်းဥပဒေများနှင့်အညီ စိစစ်၍ လုပ်ငန်းအသိအမှတ်ပြုလက်မှတ်များကို ခွင့်ပြုပေးလျက်ရှိပါသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ၂၇-၇-၂၀၂၂ နေ့က ပြုလုပ်ခဲ့သော ပြန်ကြားရေးဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးတွင် ၂၃-၅-၂၀၂၂ နေ့မှ ၁၅-၇-၂၀၂၂ နေ့အထိ လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထားလာသည့် ပုံနှိပ်ခြင်းလုပ်ငန်းအတွက် အသစ်လျှောက်ထားသူ နှစ်ဦးကိုလည်းကောင်း၊ ထုတ်ဝေခြင်းလုပ်ငန်းအတွက် အသစ်လျှောက်ထားသူ ဂျာနယ်နှစ်ဦး၊ အထွေထွေ ၁၈ ဦး ပေါင်း ၂၀ ကိုလည်းကောင်း အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးရန်ခွင့်ပြုပေးခဲ့ပါသည်။
ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများပြဋ္ဌာန်းသည့် ၁၀-၁၀-၂၀၁၄ နေ့မှစ၍ ယနေ့အထိ ပုံနှိပ်ခြင်းလုပ်ငန်း ၁၆၉၈ ဦး၊ ထုတ်ဝေခြင်းလုပ်ငန်း ၃၁၈၀ နှင့် သတင်းအေဂျင်စီလုပ်ငန်း ၃၉၅ ဦး စုစုပေါင်းပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့်သတင်းအေဂျင်စီလုပ်ငန်း ၅၂၇၃ ဦးအား အသိအမှတ်ပြုလက်မှတ်များ စိစစ်ခွင့်ပြုပေးခဲ့ပြီးဖြစ်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန