နေပြည်တော် ဇူလိုင် ၂၉
ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၅/၂၀၂၂)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ကြသည်။
နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် နိုင်ငံရေးနှင့်ပတ်သက်ပြီး မိမိတို့တာဝန်စတင်ယူချိန်မှစ၍ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့်ဦးတည်ချက် ၉ ရပ်ချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါ ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များတွင် နိုင်ငံရေးအရရည်မှန်းချက်ပန်းတိုင်သည် ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရေးပင်ဖြစ်ကြောင်း။
ဒီမိုကရေစီစနစ်တွင် သဘောထားကွဲလွဲပိုင်ခွင့်များရှိကြောင်း၊ ဒီမိုကရေစီစနစ် ကျင့်သုံးသည့်နိုင်ငံတိုင်းတွင် နိုင်ငံရေးအယူအဆကွဲပြားစွာဖြင့် ဆောင်ရွက်နေသည့်ပါတီများ၊ တစ်ပါတီတည်းဖြစ်သော်လည်း သဘောထားကွဲလွဲမှုရှိသည့် အုပ်စုများရှိနေသည်ကို သဘာဝကျကျတွေ့ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိချိန်၌ ပါလီမန်ဒီမိုကရေစီစနစ်ကိုကျင့်သုံးခဲ့ပြီး ဖဆပလ ပါတီတစ်ခုတည်းကသာ နိုင်ငံကိုဦးဆောင်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အခြားပါတီများသည် ပါတီငယ်များသာဖြစ်ကြောင်း၊ နောက်ပိုင်းတွင်ဖဆပလအတွင်း သဘောထားကွဲလွဲမှုများဖြစ်ပေါ်၍ အုပ်စုများကွဲခဲ့သည်ကိုတွေ့ရကြောင်း၊ လူပုဂ္ဂိုလ်သို့မဟုတ် အုပ်စု၏ အာဏာတည်ဆောက်မှုများ၊ နိုင်ငံရေးမရင့်ကျက်မှုများကြောင့် ပါတီအတွင်း နိုင်ငံရေးအရ ထွက်ပေါက်ရှာကြရာမှ အုပ်စုများကွဲခဲ့ခြင်းဖြစ်သည်ကို တွေ့ရှိရကြောင်း။
၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီအစိုးရလက်ထက်တွင် ဗဟိုဦးစီးစနစ်ဖြင့် ဆောင်ရွက်ခဲ့ပြီးနောက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ထူထောင်၍ တစ်ပါတီစနစ်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး နေဝင်းက တစ်ပါတီစနစ်ဖြင့် ပါတီအတွင်း တူညီသည့်ဆိုရှယ်လစ်အယူအဆဖြင့်သွားနိုင်ရန် ကြိုးပမ်းခဲ့ကြောင်း၊ ထိုသို့ကြိုးပမ်းဆောင်ရွက်ချိန်တွင်လည်း ဆိုရှယ်လစ် အယူအဆများအပေါ်တူညီမှုမရှိခဲ့ကြောင်း၊ အခြားပါတီများဖွဲ့စည်းခွင့်မရှိဘဲ ပါတီတစ်ခုတည်းသာရှိသောကြောင့် နိုင်ငံရေးထွက်ပေါက်များမရှိခဲ့ကြောင်း၊ ထို့ကြောင့်ပါတီအတွင်း အုပ်စုကွဲမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ်တွင် တပ်မတော်က နိုင်ငံတော်တာဝန်ကိုယူခဲ့ရပြီး ပါတီနိုင်ငံရေးမဟုတ်သော်လည်း ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ ပါတီများဖွဲ့စည်းခွင့်ပေး၍ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်ကိုတင်ပေးခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ဒီမိုကရေစီ ပထမအစိုးရတက်လာခဲ့ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်ဖြစ်သဖြင့် နိုင်ငံရေးထွက်ပေါက်များရရှိခဲ့ကြောင်း၊ နိုင်ငံရေးထွက်ပေါက်များမှတစ်ဆင့် ဖြစ်ပေါ်ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ရာ အားသာချက်များရှိသကဲ့သို့ အားနည်းချက်များလည်းရှိခဲ့ကြောင်း၊ တည်ဆဲဥပဒေကို မချိုးဖောက်သရွေ့ ကန့်သတ်ချုပ်ချယ်မှုများမရှိခဲ့ဘဲ လွတ်လပ်စွာဆောင်ရွက်နိုင်ခဲ့ကြောင်း။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲရလဒ်ကြောင့် နိုင်ငံရေးအရ မတည်ငြိမ်မှုများဖြစ်ပေါ်ခဲ့သဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တပ်မတော်က တာဝန်ယူဆောင်ရွက်ခဲ့ရကြောင်း၊ မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အတတ်နိုင်ဆုံးဆောင်ရွက်လျက်ရှိပြီး နိုင်ငံရေးနှင့်ပတ်သက်၍ ထွက်ပေါက်များပေးထားကြောင်း၊ နိုင်ငံမငြိမ်သက်မှုများ ဖြစ်ပေါ်အောင်ဆောင်ရွက်မှုများမှလွဲ၍ ပါတီညီလာခံများ၊ အစည်းအဝေးများနှင့် ပါတီအချင်းချင်းတွေ့ဆုံပွဲများကို ခွင့်ပြုပေးထားကြောင်း၊ ဒီမိုကရေစီဆန်သည့် နိုင်ငံရေးထွက်ပေါက်များခွင့်ပြုပေးထားကြောင်း။
ဒီမိုကရေစီဆိုသည်မှာ တွေ့ဆုံဆွေးနွေးညှိနှိုင်း၍ အများ၏သဘောတူညီမှုဖြင့်သာ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ယင်းသည် “ဒီမိုကရေစီယဉ်ကျေးမှု” ဟုဆိုနိုင်ကြောင်း၊ အဆိုပါ ဒီမိုကရေစီနိုင်ငံရေးယဉ်ကျေးမှုများ ပျက်စီးသွားပါက နိုင်ငံ၏တည်ငြိမ်မှုပျက်ပြားသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုဖြစ်နေသည့် နိုင်ငံရေးအခြေအနေများသည်ရှိနေသည့် နိုင်ငံရေးထွက်ပေါက်များကို မှန်မှန်ကန်ကန် အသုံးမချမှုများကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်ကို တွေ့ရှိရကြောင်း။
နိုင်ငံတော်အနေဖြင့် နိုင်ငံ့ဝန်ထမ်းများကို လစာအပြင် ခံစားခွင့်များ တိုးမြှင့်ပေးထားပြီးဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေးကင်းရှင်းရမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံ၏တာဝန်ကိုထမ်းဆောင်ရန်ဖြစ်ပြီး နိုင်ငံရေးဆောင်ရွက်ရန် မဟုတ်ကြောင်း၊ နိုင်ငံရေးဆောင်ရွက်လိုပါက နိုင်ငံရေးလမ်းကြောင်းပေါ်မှ ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံရေးနှင့်ပတ်သက်၍ နိုင်ငံသားတစ်ဦးအနေဖြင့် လွတ်လပ်စွာဆောင်ရွက်ခွင့်ရှိကြောင်း၊ သို့သော်တည်ဆဲဥပဒေဖြင့် တားမြစ်ထားသည့် သတ်မှတ်ပြဋ္ဌာန်းချက်များကို ချိုးဖောက်၍မရကြောင်း။
နိုင်ငံတကာဆက်ဆံရေး
နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်၍ မိမိတို့တာဝန်ယူဆောင်ရွက်ချိန်တွင် နိုင်ငံတကာအသိုင်းအဝိုင်း၌ မိမိတို့ကိုဘေးဖယ်ရန် ကြိုးပမ်းခဲ့မှုများရှိကြောင်း၊ ၂၀၁၁ ခုနှစ် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်၌ လျှောက်လှမ်းချိန်တွင် အချို့နိုင်ငံကြီးများက ၎င်းတို့အလိုကျဆောင်ရွက်နိုင်မည့်သူများကို မြန်မာ့နိုင်ငံရေး၏ အရေးပါသည့်နေရာများတွင် ပါဝင်နိုင်ရေးအချိန်ယူစိမ့်ဝင်၍ ရည်ရွယ်ချက်ရှိရှိကြံစည်လုပ်ဆောင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ၎င်းတို့လိုလားသည့်သူများ နိုင်ငံရေးစင်မြင့်ပေါ်တွင်တည်မြဲစေရေး ငွေအား၊ လူအားနှင့် အကြံပေးများဖြင့် အဘက်ဘက်မှကူညီဆောင်ရွက်ပေးခဲ့သည်ကို တွေ့ရှိရကြောင်း၊ အကူအညီများပေးရာတွင်လည်း အရောင်အသွေးများဖြင့် ကူညီဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်ကို ယခုအချိန်တွင်သိရှိရကြောင်း၊ မိမိတို့နိုင်ငံ၏ နိုင်ငံရေးစင်မြင့်ပေါ်တွင် ၎င်းတို့လိုလားသည့်သူများ မရှိတော့သည့်အချိန်တွင် ကူညီမှုများအကြောင်းအမျိုးမျိုးပြ၍ ရပ်တန့်သွားခဲ့ကြောင်း၊ အခြေခံဥပဒေသည် ပြည်သူများ အသိအမှတ်ပြုထားသည့် ဥပဒေဖြစ်ပြီး မဲပေးခွင့်ရှိသူ၏ ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို မျက်ကွယ်ပြု၍ မိမိတို့အပေါ်တွင် ခွဲခြားဆက်ဆံမှုများ ကြုံတွေ့ရကြောင်း၊ အလားတူနိုင်ငံတကာဆက်ဆံရေးများတွင်လည်း မိမိတို့နိုင်ငံ၏ ပကတိအရှိတရားကို မျက်ကွယ်ပြု၍ ဆောင်ရွက်လျက်ရှိကြောင်း။
ငြိမ်းချမ်းရေးရရှိရန်လိုအပ်မှု
ငြိမ်းချမ်းရေးနှင့်ပတ်သက်၍လည်း အစိုးရအနေဖြင့် လက်နက်ကိုင်ပဋိပက္ခဖြစ်နေသည့်ဒေသများရှိ တိုင်းရင်းသားများ၏ နေထိုင်စားသောက်ရေးအတွက် ဆောင်ရွက်ပေးမည်ဆိုပါက တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်လိုသည်များကို ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေးဆွေးနွေးချိန်တွင် မိမိတို့၏အမျိုးသားရေးရည်မှန်းချက်နှင့် နိုင်ငံရေးရည်မှန်းချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး အပြုသဘောဆောင်သည့် ဆွေးနွေးမှုများကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ နိုင်ငံရေးရည်မှန်းချက်ဖြစ်သည့် ပါတီစုံဒီမိုကရေစီစနစ်ဖြင့် လျှောက်လှမ်းရေး၊ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်နှင့် ဖက်ဒရယ်အုပ်ချုပ်ရေးစနစ်ပေါင်းထားသည့် ပြည်ထောင်စု တည်ဆောက်ရေးပင်ဖြစ်ကြောင်း၊ အဆိုပါအချက်များကို လက်ခံပြီးဖြစ်သဖြင့် ငြိမ်းချမ်းရေးရရှိအောင် ဆက်လက်ဆွေးနွေးနိုင်ပြီဖြစ်ကြောင်း၊ အမျိုးသားရေးရည်မှန်းချက်အနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးပင်ဖြစ်သည်ကို ပြောကြားခဲ့ကြောင်း၊ မိမိတို့၏နိုင်ငံရေး ဦးတည်ချက်တွင် နိုင်ငံရေးထွက်ပေါက်များပေးထားပြီး အဆိုပါနိုင်ငံရေးထွက်ပေါက်များကိုအသုံးချ၍ ငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ ရွေးကောက်ပွဲများကို လေ့လာကြည့်ပါက ရွေးကောက်ပွဲများကို မြို့နယ်များအားလုံးတွင် အပြည့်အဝမပြုလုပ်နိုင်ခဲ့ကြောင်း၊ နိုင်ငံရေးရလဒ်များကို တိုးတက်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ဆောင်ရွက်နေသည့် အခြေခံအချက်များ အခြေခိုင်မာစေရေး အစိုးရအဖွဲ့အနေဖြင့် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း။
မိမိတို့တာဝန်ယူပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် ထပ်တိုး ၆ လမှစ၍ နိုင်ငံ၏တရားဥပဒေစိုးမိုးမှု၊ တည်ငြိမ်အေးချမ်းမှုများကို ပြန်လည်သုံးသပ်ရန်လိုကြောင်း၊ တရားဥပဒေစိုးမိုးရေးတွင် အချို့သောဒေသများမှလွဲ၍ ကျန်ဒေသများတွင် ၂၀၂၁ ခုနှစ်ထက် များစွာတိုးတက် ပြောင်းလဲသွားကြောင်း၊ တည်ငြိမ်အေးချမ်းမှုများလည်း ရရှိလာပြီဖြစ်ကြောင်း၊ အချင်းချင်းယုံကြည်မှုဖြင့် ပူးပေါင်းဆောင်ရွက်မှုများ တည်ဆောက်နိုင်မှသာ ခိုင်မာသည့်အခြေခံကောင်းများကို ရရှိမည်ဖြစ်ကြောင်း။
စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်လိုအပ်မှု
မိမိတို့အနေဖြင့် ကြေညာထားသည့် ဦးတည်ချက်များအတိုင်း အောင်မြင်အောင် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အဆိုပါဦးတည်ချက်များကို အစိုးရအဖွဲ့က အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ၂၀၁၈ ခုနှစ်ကတည်းက စီးပွားရေးကျဆင်းခဲ့ခြင်းကို စာရင်းဇယားအချက်အလက်များကို ကြည့်ခြင်းဖြင့်သိရှိနိုင်ကြောင်း၊ ယခင်အစိုးရလက်ထက်တွင် ပြည်တွင်းထုတ်ကုန်များ အားပေးမှုမရှိခဲ့ကြောင်း၊ သွင်းကုန်သာဦးစားပေးခဲ့ကြောင်း၊ နိုင်ငံစီးပွားရေးပြန်လည် ဦးမော့လာစေရေး မိမိတို့အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်နေကြောင်း။
တိုင်းပြည်၏အားသည်ပြည်တွင်းမှာသာရှိကြောင်း၊ ထို့ကြောင့် ပြည်တွင်းစီးပွားရေးကို အဓိကအားပေးရန်လိုကြောင်း၊ ပြီးခဲ့သည့်အစိုးရလက်ထက်များဖြစ်သည့် လမ်းစဉ်ပါတီခေတ်တွင် ပြည်တွင်းစီးပွားရေးအားပေးခဲ့ကြောင်း၊ တပ်မတော်အစိုးရလက်ထက်တွင် ငွေကြေးအခက်အခဲများကြောင့် Import first ဖြင့်ဆောင်ရွက်ခဲ့ပြီး ဈေးကွက်စီးပွားရေးစနစ်ကို တည်ဆောက်ခဲ့ကြောင်း၊ ယခုအချိန်တွင်မိမိတို့အနေဖြင့် ပြည်တွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြည်တွင်းကုန်ထုတ်လုပ်မှုများ တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းထုတ်ကုန်များ အရည်အသွေးကောင်းမွန်ရန်နှင့် ကုန်ထုတ်လုပ်မှုများ အားကောင်းအောင် အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း။
ကိုဗစ်ကြောင့် ကျဆင်းသွားသည့် စီးပွားရေးကိုကုစားနိုင်ရန် ကျပ်ဘီလီယံ ၄၀၀ မတည်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် Quick Win ဖြစ်စေမည့်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကိုမြှင့်တင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပထမဦးစားပေးအနေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်၍ ကုန်ထုတ်လုပ်မှုနှင့်ပတ်သက်သည့် စက်ရုံ၊ အလုပ်ရုံလုပ်ငန်းများကို ဒုတိယဦးစားပေးအနေဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အဆိုပါကုန်ထုတ်လုပ်ငန်းသည် အများနှင့်သက်ဆိုင်သည့် လုပ်ငန်းဖြစ်သဖြင့် ပြည်သူအများစုအတွက်အကျိုးရှိမည်ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများ အောင်မြင်လာမည်ဆိုပါက ကုန်ထုတ်လုပ်မှုအပေါ်အခြေခံသည့် စီးပွားရေးကို ခိုင်မာအောင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
ပို့ကုန်သွင်းကုန်ကဏ္ဍနှင့်ပတ်သက်၍
ပို့ကုန်သွင်းကုန်နှင့်ပတ်သက်၍ ပြန်လည်စိစစ်ကြည့်ရာ နယ်စပ်စခန်းများမှ တင်ပို့မှုတွင် အစိုးရနှင့် ပုဂ္ဂလိကအနေဖြင့် ၈ ဘီလီယံကျော်ခန့်ရှိပြီး အစိုးရမှတင်ပို့မှုက ပုဂ္ဂလိကတင်ပို့မှုထက်များနေကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် SME လုပ်ငန်းများကို အားပေးရန်အတွက် လိုအပ်နေသေးသည်ကိုတွေ့ရှိရကြောင်း၊ ပို့ကုန်တစ်ခုတည်းဖြင့်ရပ်တည်၍မရဘဲ Non Trade များဖြင့်လည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများအလိုက် နိုင်ငံခြားငွေသုံးစွဲမှုများရှိသကဲ့သို့ ပြည်သူတစ်ဦးချင်းအနေဖြင့်လည်း နိုင်ငံခြားငွေသုံးစွဲမှုများလည်းရှိကြောင်း၊ ထို့ကြောင့် နိုင်ငံခြားငွေရရှိရေးအတွက် ကုန်သွယ်မှုတစ်ခုတည်းတွင် မှီခိုနေ၍မရကြောင်း၊ မိမိတို့နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံခြားငွေများရရှိရေး ဝန်ကြီးဌာနများအနေဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း။
ပညာရေးတိုးတက်ရန်လိုအပ်မှု
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပညာရေးကဏ္ဍနှင့်ပတ်သက်၍ ပြောကြားရာတွင် “ပညာရေးနဲ့ပတ်သက်ပြီး။ ပြီးခဲ့တဲ့ ဇွန် ၂ ရက်နေ့ကစပြီးတော့ ကျွန်တော်တို့ပညာရေးကျောင်းတွေ အကုန်လုံးဖွင့်လိုက်တယ်။ တက္ကသိုလ်တွေလည်း ပုံမှန်သင်တန်းတွေ အကုန်လုံးဖွင့်ပါတယ်။ အဲ့ဒီတော့ အခြေခံကတော့ ဦးစားပေးပေါ့လေ။ အခြေခံပညာမှာ ၉ ဒသမ ၅ သန်း လောက် ကျွန်တော်တို့က ကျောင်းသားတက်မယ်လို့ မှန်းပါတယ်။ ဒါကတော့ Round Figure ပေါ့၊ Figure တစ်ခုအနေနဲ့ကျွန်တော်တို့က မှန်းလိုက်တာပေါ့။ ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်မှာရှိတဲ့ ကျောင်းသားအရေအတွက်နဲ့ လူဦးရေတိုးတက်မှုနှုန်းနဲ့ပြန်ပြီးတော့ ချိန်ကြည့်တဲ့အခါမှာ။ ၂၀၂၂-၂၀၂၃ မှာတော့ ၉ သန်းခွဲလောက်တော့ရှိနိုင်တယ်လို့ ကျွန်တော်တို့ကတွက်ပါတယ်။ ဒီထက်နည်းနည်းပိုရင်လည်း ပိုမှာပေါ့။ လျော့ရင်လည်းလျော့မှာပေါ့။ သို့သော်လည်း Round Figure ကတော့ ၉ ဒသမ ၅ သန်းလောက်ရှိတယ်။ နောက်ဆုံးအချိန်မှာ ၇ ဒသမ ၂ သန်းကျော် ကျောင်းတက်ပါတယ်။ အားလုံး အေးအေးချမ်းချမ်းနဲ့တက်နေကြတာပါ။ ဒီမှာနှောင့်ယှက်တဲ့သူကတော့ တစ်နေရာစ၊ နှစ်နေရာစတော့ရှိပါတယ်။ သို့သော်လည်းပဲ ပုံမှန်အတိုင်းကျွန်တော်တို့ ပညာရေးနဲ့ပတ်သက်ပြီး ဆောင်ရွက်နေပါတယ်။ အဲ့ဒီတော့ နိုင်ငံတစ်ခုမှာလည်း ပညာရေးမြှင့်တင်မှုကအရေးပါတဲ့ အနေအထားရှိပါတယ်။ ပညာရေးမမြှင့်တင်ရင် တိုင်းပြည်ဘယ်လိုလုပ်မှကို တိုးတက်မှုမရှိနိုင်ဘူး။ ကျွန်တော်တို့ ဆန်းစစ်ချက်တွေအရ ပညာရေးဟာ နိမ့်ပါးပါတယ်။ တော်တော်ကို စိတ်မကောင်းစရာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လူဦးရေတစ်ဝက်လောက်က၊ တစ်ဝက်ကျော်ကျော်လောက်က အခြေခံပညာအလယ်တန်းနဲ့ အောက်မှာပဲရှိတယ်။ အဲ့ဒီတော့ ဒီပညာရေးမြှင့်တင်မှု မလုပ်နိုင်ခဲ့လို့ရှိရင် ပညာရေးကိုအခြေခံပြီး အတတ်ပညာကို အခြေခံတဲ့စီးပွားရေးလုပ်ငန်းတွေဟာ၊ ဘယ်လိုမှ ခေတ်မီစရာအကြောင်းမရှိဘူး။ အစ္စရေးတို့ ဘာတို့၊ စိုက်ပျိုးရေးတို့၊ မွေးမြူရေးတို့၊ နည်းပညာတို့ ကောင်းတယ်ဆိုတာ ပညာတတ်တွေ ပေါတယ်။ စီးပွားရေးကောင်းတယ်။ ဝင်ငွေရှိတယ်။ ဝင်ငွေရှိတဲ့ အခါကျတော့ ပြည့်ပြည့်ဝဝစားနိုင်တယ်။ ပြည့်ပြည့်ဝဝ စားနိုင်တော့ ကိုယ်ခံစွမ်းအားတွေ ကောင်းတာပေါ့။ ပြီးတော့ အဲ့ဒီအပေါ်မှာအခြေခံပြီးတော့။ ကျန်းမာရေးနဲ့ ပတ်သက်တာတို့ အားကစားနဲ့ ပတ်သက်တာတို့ စနစ်တကျနဲ့လုပ်တဲ့အခါကျတော့ သူတို့ရဲ့ IQ ပေါ့ဗျာ။ ဉာဏ်ရည်တွေက ကျွန်တော်တို့ သာမာန်ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခုထက်တော့ သာတာကိုသွားတွေ့ရတယ်။ ဒါ ရိုးရိုးသားသားပြောတာ၊ ဒီတိုင်းဝန်ခံတာဖြစ်ပါတယ်။ ကျွန်တော်တို့ အပြည့်အဝ စားနိုင်ဖို့၊ အပြည့်အဝသုံးနိုင်ဖို့ ကိုယ်ခံစွမ်းအားတွေ ကောင်းလာလို့ရှိရင် ဉာဏ်ရည်ကထက်လာလိမ့်မယ်။ ဉာဏ်ရည်ထက်လာလို့ရှိရင် ပညာသင်ကြားရေးမှာလည်း ပိုပြီးတော့ အထောက်အကူရမယ်။ အဲ့ဒီတော့တစ်ဖက်က။ ဂျာအေးသူ့အမေရိုက်သလိုပဲ။ တစ်ဖက်ကအားနည်းချက်ရှိတော့၊ ကျောင်းမှာလည်း ပညာကောင်းကောင်း မသင်နိုင်တဲ့အချိန်မှာ၊ ပညာရေးကို စိတ်မဝင်စားဘူး။ စီးပွားရေးအားမကောင်းတဲ့အတွက်ကြောင့် မိဘကိုကူညီဖို့လည်း မိဘကနေခိုင်းတဲ့အခါမှာ။ ခုနကပြောသလိုစာမလိုက်နိုင်တဲ့ဟာရယ်။ မိဘကနေလုပ်ခိုင်းတဲ့အခါမှာ။ ပေါင်းစပ်တဲ့အခါကျတော့ ကလေးကဒီအလယ်တန်းပညာလောက်မှာတင် ဆုံးခန်းတိုင်သွားတဲ့သူတွေ များစွာဖြစ်လာစေတာကို သွားတွေ့ရပါတယ်။ အဲ့ဒါကြောင့် ဘက်ပေါင်းစုံကနေလုပ်ရမှာဖြစ်ပါတယ်။ ပညာရေးကောင်းချင်ရင်၊ ပညာရေးနဲ့ပတ်သက်ရင် ပညာရေးတစ်ခုတည်း ကျွန်တော်တို့အစိုးရ အားထည့်နေလို့မရဘူး။ ပြည်သူပြည်သား အားလုံးရဲ့လူမှုဘဝစီးပွားကို တက်အောင်လုပ်ပေးမှရမယ်။ အဲ့ဒီလိုသာ မလုပ်နိုင်ဘူးဆိုရင် အတူတူပဲ။ တလည်လည်နဲ့ပဲ ဖြစ်နေမှာဖြစ်တယ်။ ဒါ့ကြောင့် ပညာရေးမြှင့်တင်မှုပိုင်းဟာ ပညာရေးဝန်ကြီးဌာန တစ်ခုတည်းနဲ့မဆိုင်ဘူး။ အားလုံးကဆိုင်ပါတယ်။ အားလုံးနဲ့ဆိုင်တယ်။
ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး
ကိုဗစ် - ၁၉ နှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း၊ သို့သော် အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများတွင် ဖြစ်ပွားမှုနှုန်းများ မြင့်တက်လာလျက်ရှိသည်ကိုတွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံတွင် ပြည်ပမှပြန်လည်ဝင်ရောက်သူများမှ ဖြစ်ပွားမှုပိုများသဖြင့် ကိုဗစ် - ၁၉ ရောဂါ စစ်ဆေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သည့် ကန့်သတ်ချက်များကို လျှော့ချပေးထားသော်လည်း ရောဂါကူးစက်မှုနှုန်း ပြန်လည်မြင့်မားလာနိုင်ချေရှိသဖြင့် မပေါ့ဆရန်လိုကြောင်း၊ ကိုဗစ်ကာကွယ်ဆေးအနေဖြင့် သန်း ၈၀ ခန့်လက်ခံရရှိခဲ့ပြီး ၇၂ သန်းခန့်ထိုးနှံပြီးဖြစ်ကြောင်း၊ အသက် ၁၈ နှစ်အထက် ထိုးနှံပြီးသူများပြားသော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် လိုအပ်နေသေးကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာကျန်းမာရေးဝန်ကြီးဌာနသာမက ပြည်သူလူထုနှင့် အခြားအုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်လည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်လိုကြောင်း၊ ဝန်ကြီးဌာနများအားလုံးအနေဖြင့်လည်း ဝန်ကြီးဌာနများအလိုက် ကာကွယ်ဆေးများ ထိုးနှံနိုင်ရေးနှိုးဆော်တိုက်တွန်း ဆောင်ရွက်ကြရန်လိုကြောင်း၊ ကာကွယ်ဆေးထိုးနှံမှုများမြင့်မားလာမည်ဆိုပါက ရောဂါကူးစက်မှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှလည်း ရောဂါကူးစက်မှုအခြေအနေများကိုလေ့လာ၍ သုတေသနပြုဆောင်ရွက်ရန် လိုကြောင်း၊ ပညာရေးနှင့်ကျန်းမာရေးသည် နိုင်ငံတိုးတက်ရေးအတွက်များစွာ အထောက်အကူဖြစ်စေကြောင်း၊ မိမိအနေဖြင့် “ရှေ့သို့ချီ” Moving Forward ဆိုသည့်အတိုင်း နိုင်ငံတိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။