Skip to main content

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဝန်ထမ်းအိမ်ရာများတွင် ခြင်ကျားနှင့် ပိုးလောက်လမ်းကင်းစင်ရေး အစည်းအဝေးကျင်းပ

နေပြည်တော် ဇူလိုင် ၂၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများ၏ ဝန်ထမ်းအိမ်ရာများတွင် ခြင်ကျားနှင့် ပိုးလောက်လမ်းကင်းစင်ရေး လှုပ်ရှားမှုအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက သွေးလွန်တုပ်ကွေးရောဂါသည် မြန်မာနိုင်ငံတွင် အဓိကကူးစက်မြန် ရောဂါတစ်ခုဖြစ်ပြီး (၂)နှစ်မှ (၃)နှစ်လျှင် တစ်ကြိမ်ဖြစ်ပွားမှုများပြားလေ့ရှိကြောင်း၊  နှစ်အလိုက်ဖြစ်ပွားမှု ကိန်းဂဏန်းများအရ (၂၀၂၂) ခုနှစ်သည် ရောဂါဖြစ်ပွားမှုများပြားနိုင်သောကြောင့် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နှီးနွယ်ဝန်ကြီးဌာနများကို ဖိတ်ကြားပြီး ဗဟိုအဆင့်လုပ်ငန်းညှိနှိုင်း အစည်းအဝေးတစ်ရပ်ကို မေ(၂၃)ရက်တွင် ကျင်းပခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင်သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ယခုနှစ် ဇူလိုင်(၁၆) ရက်အထိ(၁၀,၇၆၆) ဦးနှင့် သေဆုံးသူ (၄၃) ဦးရှိပြီး ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ဖြစ်ပွားမှုအများဆုံးဖြစ်ပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင်လည်း ဖြစ်ပွားမှုများနှင့် သေဆုံးမှုရှိပါကြောင်း။

သွေးလွန်တုပ်ကွေးရောဂါသည် အသက်အရွယ်မရွေး၊ နေရာဒေသမရွေး ကျေးလက်နှင့်မြို့ပြများတွင်ပါ ဖြစ်ပွားနိုင်သဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် ခြင်နှင့်ပိုးလောက်လမ်း ပေါက်ပွားနိုင်သည့်နေရာများနှင့် ခြင်ခိုအောင်းနိုင်သည့် ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်းတို့ကို စီမံချက်အသွင်စနစ်တကျဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းမှုဆိုင်ရာ အထောက်အပံ့ပစ္စည်းများ၊ ကုသရေးလုပ်ငန်းများနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် သွေးလွန်တုပ်ကွေး ကာကွယ်နှိမ်နင်းရေးပစ္စည်းများနှင့် ပညာပေးစာစောင်များ၊ လုပ်ငန်းလမ်းညွှန်စာအုပ်များကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များသို့ ဖြန့်ဝေထားပြီးဖြစ်ကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့်ဝန်ကြီးဌာနများ၏ ဝန်ထမ်းအိမ်ရာများတွင် ခြင်ကျားနှင့်ပိုးလောက်လမ်းကင်းစင်ရေး လှုပ်ရှားမှုအတွက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေးရောဂါနှင့် ခြင်ကြောင့် ကူးစက်တတ်သည့်ရောဂါများ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နှီးနွယ်ဝန်ကြီးဌာနများ၏ ပူးပေါင်းပါဝင်မှုသည် အလွန်အရေးကြီးသည့်အတွက် ဝန်ကြီးဌာနများမှ ပါဝင်ဆွေးနွေးပေးကြပါရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ခြင်ကျားနှင့်ပိုးလောက်လမ်းကင်းစင်ရေးလှုပ်ရှားမှု (Campaign)နှင့် စပ်လျဉ်း၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာမြင့်မြင့်သန်းက တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုကိုလည်းကောင်း၊ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (ပြည်သူ့ကျန်းမာ) ဒေါက်တာအေးအေးမာက  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွား၊ သေဆုံးမှုနှင့် ဝန်ထမ်းအိမ်ရာများတွင် ခြင်ကျားနှင့် ပိုးလောက်လမ်းကင်းစင်ရေး လုပ်ငန်းဆောင်ရွက်မှုကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနေရည်ရည်လင်းက ခြင်ကျားနှင့်ပိုးလောက်လမ်း နှိမ်နင်းရေးဆိုင်ရာ နည်းပညာများဖြစ်သည့် အဘိတ်(Abate) ဆေးခတ်ခြင်းနှင့်ခြင်ဆေးမှုတ်ခြင်းကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများ၊ လူမှုရေးအဖွဲ့အစည်းများမှ တက်ရောက်လာသူများမှ ခြင်ကျားနှင့် ပိုးလောက်လမ်းကင်းစင်ရေးလှုပ်ရှားမှုတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)