Skip to main content

မြန်မာနိုင်ငံအတွင်းရှိ ရဟန်းသံဃာတော်များနှင့် ပြည်သူများ ပါကစ္စတန်နိုင်ငံရှိ ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားသော ဒေသများသို့ သွားရောက်နိုင်

ရန်ကုန် ဇူလိုင် ၂၈

မြန်မာနိုင်ငံအတွင်းရှိ ရဟန်းသံဃာတော်များနှင့် ပြည်သူများအနေဖြင့် ပါကစ္စတန်နိုင်ငံရှိ ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွား သောဒေသများသို့ သွားရောက် လည်ပတ်ကြရာတွင် အဆင်ပြေ လွယ်ကူချောမွေ့စွာ သွားရောက် နိုင်ကြစေရန် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ပါကစ္စတန်သံရုံးမှသိရသည်။

ပြောကြား

ပါကစ္စတန်နိုင်ငံအတွင်းရှိ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်  ဇူလိုင် ၂၇ ရက်တွင် Wyndham Grand Yangon Hotel ၌ မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံရုံးက Tourism Potential of PAKISTAN အမည်ဖြင့် ကျင်းပပြုလုပ်သော ခရီးသွားလုပ်ငန်း မြှင့်တင်ရေး ဆိုင်ရာမိတ်ဆက်ပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံရုံးမှ စစ်သံမှူးဗိုလ်မှူးကြီး အင်မရန်းခန်းမ်က ယင်းကဲ့သို ပြောကြားခဲ့ခြင်းဖြစ်သည်။

ပါကစ္စတန်နိုင်ငံ၌ ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားရာ သမိုင်းဝင်ဒေသများစွာ တည်ရှိပြီး အရောင်အသွေး စုံလင်လှသည့် ရှေးဟောင်းသမိုင်းဝင်အဆောက် အအုံများစွာကို လေ့လာနိုင်ကြ စေရန် မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများကို ဖိတ်ခေါ်ခြင်း ဖြစ်ကြောင်း၊ ပါကစ္စတန်နိုင်ငံ အတွင်း၌ ရှေးဟောင်းသာသနိက အဆောက်အအုံများစွာရှိသော ဗုဒ္ဓသာသနာထွန်းကားပြန့်ပွားရာ မြို့သုံးမြို့ဖြစ်သည့် Peshawar၊ Talsar နှင့် Pashawaer မြို့တို့ ရှိကြောင်း၊ Talsar မြို့၌ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀၀ ကျော်ကတည်းက တည်ရှိခဲ့သော ရှေးဟောင်းဗုဒ္ဓ ဘာသာတက္ကသိုလ်နှင့် ရှေးဟောင်း အမွေအနှစ်များစွာရှိနေကြောင်း၊နိုင်ငံအတွင်းရှိ အစားအသောက် ဆိုင်ရာ ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုဆိုင်ရာ ခရီးသွား လုပ်ငန်း၊ သဘာဝအခြေခံခရီးသွား လုပ်ငန်းနှင့် စိုက်ပျိုးရေးအခြေခံ ခရီးသွား လုပ်ငန်းများကို လာရောက်ကြည့်ရှု လေ့လာ လည်ပတ်နိုင်ကြစေရန် အတွက် ဖိတ်ခေါ်သည့်အနေဖြင့် ခရီးသွား လုပ်ငန်းမြှင့်တင်ရေး ဆိုင်ရာ မိတ်ဆက်ပွဲကို ကျင်းပပြုလုပ်ရ ခြင်းဖြစ်ကြောင်း သိရသည်။

“လက်ရှိ ကပ်ရောဂါကျဆင်း လာတာမို့ နိုင်ငံအတွင်းက အထင်ကရနေရာတွေကို နိုင်ငံအသီးသီးက ရဟန်းသံဃာတော်တွေ သွားရောက်ကြမယ်ဆိုပါက သံရုံးအနေနဲ့ တစ်ပတ်တာကာလ အတွင်း အလည်အပတ်ဗီဇာရရှိစေရန် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်၊ ရဟန်းသံဃာတော်တွေ အနေနဲ့လေယာဉ်လက်မှတ် ခနှုန်းထားသာ ကုန်ကျမှာဖြစ်ပြီးပါကစ္စတန်နိုင်ငံကို ရောက်ရှိတဲ့ အခါမှာလည်း သွားရောက်မယ့် ခရီးစဉ်နဲ့ အခြားလိုအပ်တဲ့ Package Tour များကို သံရုံးအနေ နဲ့ စီစဉ်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်၊ အခြားမည်သည့်လူမျိုး ဘာသာဝင်မဆို သွားရောက် လည်ပတ်ကြမယ်ဆိုရင်လည်း သံရုံးအနေနဲ့ တစ်ပတ်တာကာလအတွင်း အလည်အပတ်ဗီဇာ ရရှိစေဖို့ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

လာရောက်လေ့လာ

လက်ရှိ အနေအထားအရ ပါကစ္စတန်နိုင်ငံရှိ ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားရာ သမိုင်းဝင် ဒေသများရှိ ရှေးဟောင်းဘုရား စေတီများနှင့် အဆောက်အအုံများသို့ တစ်နှစ်လျှင် ကမ္ဘာ့နိုင်ငံ အသီးသီးမှ ရဟန်းသံဃာတော် အပါးလေးသောင်းကျော် လာရောက် ဖူးမြော်လေ့လာကြ ကြောင်းလည်း သိရသည်။

သတင်း- ပွင့်သစ္စာ

ဓာတ်ပုံ- စိုးမြင့်အောင်