နေပြည်တော် ဇူလိုင် ၂၈
(၂၃)ကြိမ်မြောက် အာဆီယံယဉ်ကျေးမှုဆပ်ကော်မတီ အစည်းအဝေးနှင့် (၁၁)ကြိမ်မြောက် အာဆီယံ + ၃ ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကွန်ရက် အစည်းအဝေးကို ဇူလိုင် ၂၇ ရက် နှင့် ၂၈ ရက်တို့တွင် မလေးရှားနိုင်ငံ ကူချင်မြို့၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးများတွင် မြန်မာနိုင်ငံမှ အလှည့်ကျဒုတိယ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံ အာဆီယံယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ အဆင့်မြင့်အရာရှိကြီး သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့် (SOMCA Leader)နှင့် ကိုယ်စားလှယ်တစ်ဦး တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် အာဆီယံနိုင်ငံများ၏ ယဉ်ကျေးမှု၊ သမိုင်းကြောင်း၊ ကိုးကွယ်ရာဘာသာနှင့် လူမှုရေးတိုးတက်မှုဆိုင်ရာ အပြန်အလှန် နားလည်ယုံကြည်မှုတို့ကို တိုးမြှင့်ခိုင်မာစေရေး၊ အာဆီယံ နိုင်ငံများအကြား မတူကွဲပြားမှုများကို အပြန်အလှန် အသိအမှတ် ပြုစေရေး၊ စည်းလုံးညီညွတ်မှု တောင့်တင်း ခိုင်မာစေရေးနှင့် အာဆီယံ၏ အသိအမြင်ကို ပြည်သူများက သိရှိလာစေရန် အားပေး ဆောင်ရွက်ရေးတို့အတွက် အာဆီယံရိုးရာဓလေ့နှင့် အနုပညာ၊ ရိုးရာအစားအစာ၊ ရှေးဟောင်း သုတေသန ပြတိုက်နှင့် စာကြည့်တိုက်များ၏ ပူးပေါင်း ဆောင်ရွက်မှုများမှတစ်ဆင့် အာဆီယံ ပြည်သူများအချင်းချင်း ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်လာနိုင်ရန် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်း ၅၀ ကျော်တို့နှင့် ပတ်သက်၍ အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် အာဆီယံ + ၃ နိုင်ငံများ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
၂၀၂၃ ခုနှစ်တွင် (၂၄)ကြိမ် မြောက် အာဆီယံယဉ်ကျေးမှု ဆပ်ကော်မတီ အစည်းအဝေးနှင့် (၁၂)ကြိမ်မြောက် အာဆီယံ+ ၃ ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေး ကွန်ရက်အစည်းအဝေးကို မြန်မာနိုင်ငံက သဘာပတိတာဝန်ယူပြီး အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်