မြန်မာနိုင်ငံသည် ရှည်လျားသည့် ပင်လယ်ကမ်းရိုးတန်းများကို ပိုင်ဆိုင်ထားသည့် နိုင်ငံဖြစ်သည့် အလျောက် ဒီရေတောပိုင်ဆိုင်မှု အနေဖြင့်လည်း ကမ္ဘာ့အဆင့်တွင် သတ္တမ၊ အာရှအဆင့်တွင် တတိယ အများဆုံးနိုင်ငံ ဖြစ်သည်။ ဒီရေတောများသည် အဖိုးတန်သဘာဝ သယံဇာတများ ဖြစ်သည်ကို သတိမပြုမိသူများက အများစုဖြစ်ရာ မိမိတို့နိုင်ငံတွင် ပိုင်ဆိုင်ထားသည့် ဒီရေတောများကို ရေရှည်တည်တံ့စေရန် ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ပျက်စီးဆုံးရှုံးသွားသည့် ဒီရေတောများကို ပြန်လည် စိုက်ပျိုးပြုစုပျိုးထောင် ခြင်းများအား အလေးအနက်ထား ဆောင်ရွက်သွားရန် လိုအပ်လျက်ရှိသည်။
မြန်မာ့ပင်လယ်ကမ်းရိုးတန်းကို အပိုင်းသုံးပိုင်း ပိုင်းခြားနိုင်သည်။ ပထမအပိုင်းမှာ နတ်မြစ်ဝမှ မော်တင်စွန်းအထိ ပါဝင်သော ရခိုင်ကမ်းရိုးတန်း၊ ဒုတိယအပိုင်းမှာ မော်တင်စွန်းမှ စစ်တောင်း မြစ်ဝအထိ ပါဝင်သော မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းနှင့် တတိယအပိုင်းမှာ စစ်တောင်းမြစ်ဝမှ ဘုရင့်နောင်အငူအထိ ပါဝင်သော တနင်္သာရီကမ်းရိုးတန်းတို့ ဖြစ်သည်။ အဆိုပါကမ်းရိုးတန်းဒေသ များနှင့် ပင်လယ်ကျွန်းများတွင် ဒီရေတောများ ပေါက်ရောက်လျက်ရှိရာ မြစ်ဝကျွန်းပေါ်ဒေသ ဒီရေတောများမှာ ပျက်စီးပြုန်းတီးမှု အများဆုံးဖြစ်ပြီး ရခိုင်တွင် ဒုတိယအများဆုံးနှင့် တနင်္သာရီရှိ ဒီရေတောများတွင်လည်း ပျက်စီးမှုများရှိနေကြောင်း သတင်းများတွင် တွေ့ရသည်။ ဒီရေတောများ ပျက်စီးရသည့် အဓိက အကြောင်းများမှာ ဒီရေတောများမှ ထင်း၊ မီးသွေးများ ထုတ်ယူ ခြင်းနှင့် ဒီရေတောများကို ခုတ်ထွင်ရှင်းလင်းပြီး ပုစွန်ကန်၊ ငါးကန်၊ ဆားကွင်းနှင့် အခြားမြေအသုံးချမှုများ ပြုလုပ်ခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။
ဒီရေတောများ၏ သဘာဝပတ်ဝန်းကျင် အကျိုးပြုမှုများသည် လူသားတို့အတွက် လွန်စွာပင် အရေးပါလှသည်။ ဒီရေတော တစ်ဟက်တာသည် တစ်နှစ်လျှင် ကာဗွန်မက်ထရစ်တန် ၁၇ တန် ကို စုပ်ယူထိန်းသိမ်း ထားနိုင်သည့်အတွက် ကမ္ဘာကြီးပူနွေးလာမှု လျှော့ချရေးအတွက် လွန်စွာအရေးကြီးသည်။ ပင်လယ်မှလာသော မုန်တိုင်းဒီရေနှင့် ဆူနာမီလှိုင်းများကို ဒီရေတောများက ကြံ့ကြံ့ခံပြီး အရှိန်ကို လျှော့ချပေးနိုင်သလို မြစ်ချောင်းများမှ နုန်းပို့ချမှုများကို ခိုင်မြဲအောင် ထိန်းသိမ်းပေးသည့်အတွက် ကုန်းမြေကို ခိုင်ခံ့စေပြီး တိုးပွားစေသည်။ ဒီရေတောအပင်များ၏ အထက်ပိုင်းတွင် ငှက်များမှီခိုနေထိုင်ကြပြီး ဒီရေတောမျောက်မျိုးများနှင့် တွားသွားသတ္တဝါများလည်း ရှင်သန်ကျက်စားကြသည်။ ဒီရေတောအောက်ပိုင်းများသည် ငါး၊ ပုစွန်၊ ကဏန်းကဲ့သို့သော ရေသတ္တဝါများ ပေါက်ပွားရေးအတွက် အရေးကြီးသော နေရာများလည်းဖြစ်ရာ ဒီရေတောများ ပျက်စီးပြုန်းတီးပါက ငါး၊ ပုစွန်၊ ကဏန်းများလည်း ရှားပါးသွားလေ့ရှိသည်။
မြန်မာနိုင်ငံတွင် သစ်တောဖုံးလွှမ်းမှု ဧရိယာစုစုပေါင်း၏ ၃ ဒသမ ၉ ရာခိုင်နှုန်း(၁၁၀၇၇၄၅ ဧက) သည် ဒီရေတောများဖြစ်ပြီး ဒေသခံပြည်သူလူထု၏ စီးပွားရေး၊ လူမှုရေးတို့ကို အထောက် အကူပြုလျက်ရှိသည်။ ဒီရေတောများကို ပြန်လည်ထူထောင်မှုများ ပြုလုပ်ရာတွင် ကမ်းရိုးတန်းဒေသများရှိ ဒီရေတောများ ထိန်းသိမ်းစိုက်ပျိုးခြင်းစီမံကိန်းကို ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ အကောင်အထည်ဖော်လျက်ရှိရာ ဒေသခံပြည်သူများ၏ ပူးပေါင်း ပါဝင်ဆောင်ရွက်မှုများ မြင့်မားသည်နှင့်အမျှ မြန်မာ့ကမ်းရိုးတန်း များတွင် ဒီရေတောများဖြင့် စိမ်းလန်းလှပနေမည့်အပြင် ငါးပုစွန် သယံဇာတများ ပေါများကာ ဒေသခံပြည်သူများကို တိုက်ရိုက် အကျိုးဖြစ်ထွန်းစေမည် ဖြစ်ပါကြောင်း။