Skip to main content

ပန်းတနော်မြို့နယ်၌ PDF အမည်ခံအကြမ်းဖက်သမားများက ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြားကာ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ပညာရေးကဏ္ဍ မြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီး

နေပြည်တော်၊ ဇူလိုင် ၂၈

NUG အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံအားပေးလာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြု ပစ္စည်းများနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးစာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်း အဓမ္မလုယူခြင်းစသည့် နည်းလမ်းမျိုးစုံ အသုံးပြုကာ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက် ဖျက်ဆီးလျက်ရှိသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာ ဇူလိုင်လ ၂၇ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ဧရာ၀တီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ လက်ပန်ကုန်းကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်း၌ အကြမ်းဖက်သမားများက မီးရှို့ထွက်ပြေးသွားခဲ့သဖြင့် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်မီးငြှိမ်းသတ် ခဲ့ရာ ၃၅ မိနစ်အကြာတွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် ကျောင်းရုံးခန်းနှင့် စာကြည့်တိုက် တွဲလျက်အဆောက်အဦ အတွင်းရှိ စာရွက်စာတမ်းများ၊ ပြဌာန်းစာအုပ်များ၊ သံဗီရို ၁ လုံး၊ သစ်သား ဗီရို ၂ လုံး၊ ဆုံလည်ကုလားထိုင် ၁ လုံးတို့ မီးလောင် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိသည်။ တိုင်းရင်းသားပြည်သူ လူထုတစ်ရပ်လုံးအနေဖြင့်လည်း ယခုကဲ့သို့ ယုတ်မာရိုင်းစိုင်းသည့် လုပ်ရပ်ကို ကျူးလွန်ခဲ့သည့်၊ ကျူးလွန်ရန် အားပေးလှုံ့ဆော်နေသည့် NUG၊ PDF အမည်ခံအကြမ်းဖက် အဖွဲ့များအပေါ် ဝိုင်းဝန်းဆန့်ကျင်ကြရန်နှင့် အကြမ်းဖက်အဖွဲ့များ၏ လှုပ်ရှားမှုသတင်းများရရှိပါက လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များထံ သတင်းပို့ခြင်းဖြင့် ပြည်သူ့လုံခြုံရေး၊ အနာဂတ်ရင်သွေးငယ်များ၏ လုံခြုံရေးကို ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းထားကြောင်း သတင်းရရှိသည်။