နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၈)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ဇူလိုင် ၂၆ ရက် မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။
သတင်းစာရှင်းလင်းပွဲမစတင်မီ တက်ရောက်လာကြသူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် တာဝန်ရှိသူများက လိုအပ်သည့် ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများ ဆောင်ရွက်ပေးပြီး သတ်မှတ်အကွာအဝေးအတိုင်း နေရာချထားပေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့သတင်းစာရှင်းလင်းပွဲတွင် ပြောမည့်အကြောင်းအရာများမှာ နံပါတ်တစ်အနေဖြင့် ရုရှားနိုင်ငံခရီးစဉ်ဆိုင်ရာ ကိစ္စရပ်များ၊ နံပါတ်နှစ်အနေဖြင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များ၊ နံပါတ်သုံးအနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းအချို့နှင့် ပြည်ဖျက်မီဒီယာအချို့တို့က လုပ်ကြံဖန်တီးထားသည့် ပျူစောထီးဆိုသည့် အခေါ်အဝေါ်နှင့် ပတ်သက်သည့် ကိစ္စရပ်များ၊ နံပါတ်လေးအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဆိုင်ရာ ကိစ္စရပ်များ၊ နံပါတ်ငါးအနေဖြင့် ပညာရေးဆိုင်ရာ ကိစ္စရပ်နှင့် ဆက်စပ်မှုများဖြစ်ကြောင်း၊ နံပါတ်တစ်မှ ငါးအထိ မိမိအနေဖြင့် ရှင်းလင်းပြောကြားသွားမည်ဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပိုင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ရှင်းလင်းပြောကြားသွားမည် ဖြစ်ကြောင်း၊ ထို့နောက် မေး၊ ဖြေ ကဏ္ဍ ဖြစ်ကြောင်း၊ မေးခွန်းများမေးသည့်အခါ စနစ်တကျဖြစ်စေရေး အခမ်းအနားမှူးမှ မီဒီယာအမည်အလိုက် ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း၊ မီဒီယာတစ်ခုလျှင် အချိန်ကန့်သတ်ချက်အရ မေးခွန်းတစ်ခုစီ မေးမြန်းပေးရန်ဖြစ်ကြောင်း ပြောကြားသည်။
ပထမအချက်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ရုရှားနိုင်ငံသို့ အလုပ်သဘော ခရီးစဉ်သွားရောက်ခဲ့မှုနှင့် ပတ်သက်၍ စတင်ရှင်းလင်း တင်ပြလိုကြောင်း၊ ယင်းအကြောင်းအရာအား မရှင်းလင်းမီ ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံသည် သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည်မှာ (၇၄)နှစ် ရှိခဲ့ပြီဖြစ်ပြီး လာမည့်နှစ်သည် စိန်ရတု (၇၅)နှစ်မြောက်နှစ်ဖြစ်ကြောင်း၊ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည့်ကာလမှ ယနေ့ကာလအထိ နှစ်နိုင်ငံ ဆက်ဆံရေးသည် အဆင်ပြေချောမွေ့မှုများသာရှိခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့်လည်း ဘက်မလိုက်သော ကြားနေမူဝါဒကို လက်ခံကျင့်သုံးလျက်ရှိသကဲ့သို့ ခိုင်မာသည့် မိတ်ဆွေနိုင်ငံအဖြစ်လည်း ရပ်တည်လျက်ရှိကြောင်းကို ထည့်သွင်းပြောကြားလိုကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၂ ခုနှစ် ဇူလိုင် ၁၀ ရက်မှ ၁၆ ရက်အထိ ရုရှားနိုင်ငံကို သွားရောက်ခဲ့ကြောင်း၊ ခရီးစဉ်ကာလတွင် မော်စကိုမြို့၊ စိန့်ပီတာစဘတ်မြို့၊ အတနာမီ ကမ္ဘာ့ယဉ်ကျေးမှုမြို့တော်၊ တာတာစတန်ပြည်နယ်၊ ကာဇန်မြို့၊ နိုဘိုစီဘစ်ရိချ်မြို့ စသည့်မြို့ အသီးသီးကို သွားရောက်ခဲ့ကြောင်း၊ ခရီးစဉ်အတွင်း အဓိကအကြောင်းအရာအနေဖြင့် ရုရှားနိုင်ငံ၊ ကာလုဂါပြည်နယ်၊ အတနာမီကမ္ဘာ့ ယဉ်ကျေးမှုမြို့တော်၌ သီတဂူဆရာတော်ဘုရားကြီး၏ ဦးဆောင်လမ်းညွှန်မှု၊ ကြည်း၊ ရေ၊ လေ တပ်မတော်သားများ အပါအဝင် စေတနာရှင် ပြည်သူများ၏ စုပေါင်းလှူဒါန်းငွေနှင့် တည်ဆောက်ပူဇော်ခဲ့သည့် ရွှေစည်းခုံစေတီနှင့် ပုံစံတူတည်ထားခဲ့သည့် စေတီတော်ကို ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တပ်ဆင်ပူဇော်ခြင်း၊ ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာအခမ်းအနား ပြုလုပ်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း၊ အခမ်းအနားကို သီတဂူဆရာတော်ကြီး အပါအဝင် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ကျောက်မဲဆရာတော်၊ တိပိဋကဆရာတော် ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ Orthodox ဘုန်းတော်ကြီးများ၊ လားမားဘုန်းတော်ကြီး အကြီးအကဲများ၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒနှင့် ထေကြီးဝါကြီးဆရာတော်များ၊ ရုရှားနိုင်ငံ၊ ကာကွယ်ရေးဒုတိယဝန်ကြီး၊ ရုရှားနိုင်ငံ အထက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ အစိုးရအဖွဲ့နှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိများ၊ ရုရှား-မြန်မာ ချစ်ကြည်ရင်းနှီးမှု ပူးပေါင်းဆောင်ရွက်ရေးအသင်း၊ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်းများမှ အကြီးအကဲများ၊ နိုင်ငံပေါင်းစုံ သံရုံး၊ စစ်သံရုံးများမှ မိသားစုများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ရုရှားနိုင်ငံသား ဗုဒ္ဓဘာသာဝင်များ၊ ပညာတော်သင်များ စသည်ဖြင့် စုံစုံလင်လင်နှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း၊ ဗုဒ္ဓသာသနာကို ကိုးကွယ်သူများအကြား ကမ္ဘာအနှံ့ပျံ့နှံ့စေရန် ကြိုးပမ်းဆောင်ရွက်မှုများထဲက တစ်ခုအနေဖြင့် မိမိတို့ မှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့ခြင်းဖြစ်ကြောင်း။
ခရီးစဉ်ကာလအတွင်း နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၊ ရုရှား-အာဆီယံ စီးပွားရေးကောင်စီဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၊ ရုရှားနိုင်ငံပိုင် အဏုမြူကော်ပိုရေးရှင်း အထွေထွေညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့်အဖွဲ့၊ ရုရှားနိုင်ငံပိုင် အာကာသကော်ပိုရေးရှင်း၏ အထွေထွေညွှန်ကြားရေးမှူးချုပ်နှင့် ရုရှားသမ္မတ၏ နိုင်ငံတကာ အာကာသဆိုင်ရာ အထူးသံတမန်အဖြစ် တာဝန်ယူထားရသူ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၊ Rosoboronexport ကုမ္ပဏီအမှုဆောင် အရာရှိချုပ်တို့နှင့် ဇူလိုင် ၁၁ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ တွေ့ဆုံဆွေးနွေးစဉ် ဆွေးနွေးခဲ့မှုများအနေဖြင့် နှစ်နိုင်ငံစီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ ကမ္ဘာလှည့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေးကို အခြေခံသည့် ထုတ်ကုန်များ တင်ပို့နိုင်ရေး၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့် နှစ်နိုင်ငံ ပို့ကုန်၊ သွင်းကုန်ကဏ္ဍ အဆင့်မြှင့်တင်ရေး၊ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြု၍ သိပ္ပံနှင့် သုတေသနစမ်းသပ်ခြင်း၊ ဆေးဝါးထုတ်လုပ်ခြင်း၊ စက်မှုကဏ္ဍအသုံးပြုခြင်း၊ သိပ္ပံနှင့် နည်းပညာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း။
ခရီးစဉ်၏ ဒုတိယနေ့ဖြစ်သည့် ဇူလိုင် ၁၂ ရက်တွင် ရုရှားနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူအကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ မူလက ကာကွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသော်လည်း ရုရှားနိုင်ငံ၏ အခြားအရေးကြီးလုပ်ငန်းတချို့ ပေါ်ပေါက်လာခဲ့သည့်အတွက် ဒုတိယဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်းကို ဖြည့်စွက်ပြောကြားလိုကြောင်း၊ တွေ့ဆုံဆွေးနွေးစဉ်တွင် စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေး၊ မြန်မာနိုင်ငံ၌ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေ၊ နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်နှစ်ရပ်အကြား ကဏ္ဍပေါင်းစုံ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း။
ခရီးစဉ်၏ တတိယမြောက် ၁၃ ရက်တွင် တာတာစတန်ပြည်နယ်သမ္မတ၏ ဖိတ်ကြားချက်အရ တာတာစတန်ပြည်နယ်ကို ရောက်ရှိခဲ့ပြီး PJSC “Tatneft” ကုမ္ပဏီအမှုဆောင်အရာရှိချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၊ Republic of the Tatarstan ဒစ်ဂျစ်တယ်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုရေးရာစီမံခန့်ခွဲမှု ဒုတိယဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၊ Kazan Federal University ဒုတိယ ပါမောက္ခချုပ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၊ Republic of the Tatarstan ၏ အကြီးအကဲဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့စသည်တို့နှင့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ ဆွေးနွေးမှု အကြောင်းအရာများအနေဖြင့် ကူးသန်းရောင်းဝယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မြှင့်တင်ဆောင်ရွက်သွားနိုင်မှုအခြေအနေ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်ခြင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာ စွမ်းအင်စက်ရုံ၊ အလုပ်ရုံများ တည်ဆောက်ခြင်း ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေ၊ ပညာတော်သင် ကိစ္စရပ်များ၊ နည်းပညာရပ်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးနိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း။
ဇူလိုင် ၁၄ ရက်တွင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စိန့်ပီတာစဘတ်မြို့ကို ရောက်ရှိခဲ့ပြီး Polytechnic State University ပါမောက္ခချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၊ စိန့်ပီတာစဘတ်မြို့ အစိုးရအဖွဲ့ အကြီးအကဲနှင့် ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌတို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ဆွေးနွေးမှုအကြောင်းအရာများမှာ စိန့်ပီတာစဘတ်မြို့၌ မြန်မာနိုင်ငံဆိုင်ရာ ကောင်စစ်ဝန်ချုပ်ရုံးအသစ် ဖွင့်လှစ်နိုင်ရေး အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေ၊ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း။
ဇူလိုင် ၁၅ ရက်တွင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နိုဘိုစီဘစ်ရိချ်မြို့ကို ဆက်လက်ထွက်ခွာခဲ့ပြီး Novosibirsk State University ပါမောက္ခချုပ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၊ Higher Military Command School ကျောင်းအုပ်ကြီး ဦးစီးသည့်အဖွဲ့တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး စစ်ဘက်၊ အရပ်ဘက် သင်တန်းသားများ ပညာသင်ကြားရေးဆိုင်ရာ ကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြောင်း။
ဇူလိုင် ၁၆ ရက်တွင် Novosibirsk အစိုးရအဖွဲ့ အကြီးအကဲဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး နိုဘိုစီဘစ်ရိချ်နှင့် မြန်မာနိုင်ငံကြား တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲပျံသန်းနိုင်မည့် အခြေအနေ၊ ယင်းဒေသ၌ နယ်ပယ်ကဏ္ဍအသီးသီးမှ အဆင့်မြင့် တက္ကသိုလ်ပေါင်း ၂၂ ခုရှိပြီး မြန်မာနိုင်ငံမှ သင်တန်းသားများ တက်ရောက်သင်ကြားနိုင်မည့် အခြေအနေ၊ ရုရှားနိုင်ငံ၌ ကျင်းပမည့် သိပ္ပံနှင့်နည်းပညာဆိုင်ရာဖိုရမ်ကို မြန်မာကိုယ်စားလှယ်အဖွဲ့ စေလွှတ်ပေးနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း။
နိုင်ငံတော်ဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း ရုရှားနိုင်ငံအနေဖြင့် ရင်းနှီးဖော်ရွေမှု၊ ခရီးစဉ်အလိုက် ဆိုက်ရောက်ချိန်များတွင် ကော်ဇောနီခင်းပြီး နိုင်ငံတော်အဆင့်ဖြင့် ကြိုဆိုမှု၊ ဒေသဆိုင်ရာ အစိုးရအကြီးအကဲများကိုယ်တိုင်နှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး တာဝန်ရှိသူများကိုယ်တိုင် ကြိုဆိုခဲ့ကြောင်း၊ ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ရိုးရာအစားအစာများဖြင့် ဧည့်ခံကြိုဆိုမှု စသည်တို့နှင့် အပြန်အလှန် လေးစားမှု၊ ချစ်ကြည်မှု၊ ယုံကြည်မှုတို့ကို ပုံဖော်ပြသခဲ့သည့်အတွက် အောင်မြင်သည့် ခရီးစဉ်တစ်ခုဖြစ်ကြောင်းကို ပြောကြားလိုကြောင်း။
ခရီးစဉ်ကာလအတွင်း သက်ဆိုင်ရာ တာဝန်ရှိသူအသီးသီးနှင့် တွေ့ဆုံဆွေးနွေးမှု (၁၅)ကြိမ် ဆောင်ရွက်နိုင်ခဲ့ပြီး နိုင်ငံတော်နှင့် တပ်မတော်အတွက် ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ချက်မှန်သမျှကို ဆွေးနွေးနိုင်ခဲ့ကြောင်း၊ ခရီးစဉ်အတွင်း နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး ဆွေးနွေးမှုများသည် အားရဖွယ်ဖြစ်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းနေချိန်တွင် နှစ်နိုင်ငံပူးပေါင်းပြီး စီးပွားရေးကဏ္ဍမြှင့်တင်ရန် လိုလိုလားလားရှိကြောင်း၊ မကြာခင်ကာလ၌လည်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး အရှိန်အဟုန်မြှင့်တင်သည့်ခရီးစဉ်များ ရှိလာဦးမည်ဖြစ်ကြောင်း ပြောလိုကြောင်း၊ နောက်တစ်ခုအနေဖြင့် အဆင့်မြင့်ပညာများ သင်ကြားရေး အစီအစဉ်များဖြစ်ကြောင်း၊ ရုရှားနိုင်ငံ တက္ကသိုလ်များသည် ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များ စာရင်းဝင်များဖြစ်ကြောင်း၊ သိပ္ပံပညာရှင်များစွာ မွေးထုတ်နိုင်ခဲ့ပြီး စစ်ဘက်၊ အရပ်ဘက် အဆင့်မြင့်ပညာရပ်များ သင်ကြားနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ခရီးစဉ်ကာလအတွင်း အပြုသဘောဆောင်သည့် ရလဒ်ကောင်းများ၊ ဆွေးနွေးမှုများ၊ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းများ စသည်ဖြင့် အကြောင်းအရာများစွာကို ဆောင်ရွက်နိုင်ခဲ့သည့်အတွက် အထူးအောင်မြင်သည့် ခရီးစဉ်ဖြစ်ကြောင်းကို ပြောကြားလိုကြောင်း။
ဒုတိယအချက်အနေဖြင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များအကြောင်းကို ပြောလိုကြောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ်မ ၁၈၄ တွင် အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်အရ နိုင်ငံခြားငွေရေးကြေးရေးအဖွဲ့အစည်းက ၁၀၀ ရာခိုင်နှုန်း ပိုင်ဆိုင်သည့် ဘဏ်မဟုတ်သည့် ငွေရေးကြေးရေး အဖွဲ့အစည်းတည်ထောင်ခြင်းနှင့် ဘဏ်မဟုတ်သည့် ငွေရေးကြေးရေးအဖွဲ့အစည်းများတွင် အကျိုးတူ ရင်းနှီးမြှုပ်နှံခြင်းဆိုင်ရာ ညွှန်ကြားချက် (၈/၂၀၂၂)ကို ၂၀၂၂ ခုနှစ် ဇူလိုင် ၁၃ ရက်တွင် ထုတ်ပြန်လိုက်ကြောင်း။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဗဟိုဘဏ်နှင့် AD လိုင်စင်ရဘဏ်များအကြောင်း ၂၀၂၂ ခုနှစ် ဇွန် ၇ ရက်က ကျင်းပခဲ့သည့် အစည်းအဝေးအရ “ကုမ္ပဏီများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁၀၀ ရာခိုင်နှုန်းနှင့်အထက်ပါရှိပါက မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာ အမှတ်(၁၂/၂၀၂၂)မှ ခြွင်းချက်ပြုသည့် လုပ်ငန်းများနည်းတူ ဆောင်ရွက်ပေးရန် ဖော်ပြခဲ့ခြင်းကို ပယ်ဖျက်ခဲ့ကြောင်း”။
ဆက်လက်ပြီး “နိုင်ငံခြားသားပိုင်ဆိုင်မှု ၃၅ ရာခိုင်နှုန်းအထိ ပါဝင်သည့် မြန်မာကုမ္ပဏီများ၏ နိုင်ငံခြားသုံးငွေစာရင်းမှ နိုင်ငံခြားငွေများအား မြန်မာကျပ်ငွေဖြင့် လဲလှယ်သွားရန်”အတွက် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၃၂/ ၂၀၂၂) ဆုံးဖြတ်ချက်အား ဗဟိုဘဏ်က ဇူလိုင် ၁၅ ရက်က ထုတ်ပြန်ကြေညာခဲ့ကြောင်း။
ယင်းနှင့်ပတ်သက်ပြီး မျိုးစုံဝေဖန်မှုများရှိကြကြောင်း၊ နိုင်ငံခြား တိုင်းပြည်များမှ လာရောက်ရင်းနှီးမြှုပ်နှံရန် ခက်ခဲသွားမည်၊ ပြည်ပကချေးငွေဖြင့် ကုန်စည်တင်သွင်းနေကြသည့် ကုမ္ပဏီများအပေါ်၌လည်း သက်ရောက်နိုင်သည်၊ အစိုးရတွင် ဒေါ်လာလိုအပ်ချက်ရှိနေသဖြင့် နိုင်ငံခြားအရန်ငွေကြေး မရှိတော့ကြောင်း စသည်ဖြင့် ဝေဖန်ကြကြောင်း။
မိမိတို့နိုင်ငံ၌ သင့်တင့်သည့် နိုင်ငံခြားအရန်ငွေကြေးနှင့် အရန်ဘဏ္ဍာငွေများ ရှိပြီးဖြစ်ကြောင်း၊ နိုင်ငံတော်၌ လုံလောက်သည့်ငွေကြေးရှိသောကြောင့်လည်း နိုင်ငံတော်ဝန်ကြီးချုပ်ဦးဆောင်ပြီး ယခုလ ၂၂ ရက်က ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတော်အစိုးရ၏ စီးပွားရေးကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ နိုင်ငံတော်မှ နိုင်ငံ့ဝန်ထမ်း (အမြဲတမ်းဝန်ထမ်းများ)ကို အိမ်ငှားစရိတ်အဖြစ် အိမ်ထောင်သည်ဖြစ်ပါက မူရင်းလစာ၏ ၈ ရာခိုင်နှုန်းနှင့် လူပျိုဖြစ်ပါက ၄ ရာခိုင်နှုန်းကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ထောက်ပံ့မည့်အစီအစဉ် အသေးစိတ်ကိုလည်း နေ့စဉ်ထုတ်သတင်းစာများတွင် ဇယားများနှင့် ဖော်ပြပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအတွက် ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်တာဝန်စရိတ် ၁၀,၀၀၀ ကျပ်ကိုလည်း လစဉ်ထောက်ပံ့သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေဖြင့် စတင်တာဝန်ထမ်းဆောင်စဉ်ကစပြီး ယနေ့အထိ ယခုကဲ့သို့ ထောက်ပံ့မှု ၂၇ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ အစိုးရဝန်ထမ်းများကို ခေတ်နှင့်အညီ ချီးမြှင့်ငွေ၊ ထောက်ပံ့ငွေများကို ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း။
ထို့ပြင် ကိုဗစ်-၁၉ ကပ်ရောဂါကာလကတည်းက ထိခိုက်ကျဆင်းခဲ့ရသည့် နိုင်ငံတော်၏ စီးပွားရေး ပြန်လည်ဦးမော့လာစေရန် ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ ကျပ် ၄၉၁ ဘီလီယံကျော်အနက် ကျပ် ၄၀၀ ဘီလီယံကို သီးသန့်ရန်ပုံငွေ ထူထောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ၊ စက်မှုလက်မှုဆိုင်ရာ လုပ်ငန်းများနှင့် ထုတ်ကုန်တိုးမြှင့်ထုတ်လုပ်နိုင်ပြီး အလုပ်အကိုင် အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ပေးနိုင်သည့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အတိုးနှုန်း သက်သာသည့် ချေးငွေများကို ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် စိုက်ပျိုး၊ မွေးမြူရေးကို အခြေခံစီးပွားရေးအဖြစ် ဆောင်ရွက်နေသည့် ကျေးလက်နေ တိုင်းရင်းသားပြည်သူ ၇၀ ရာခိုင်နှုန်း၏ လူမှုစီးပွားဘဝ လျင်မြန်စွာ တိုးတက်ရေး(Quick Win) ရရှိအောင် အဓိကထား ဆောင်ရွက်ရန် ရည်ရွယ်ကြောင်း။
မိမိတို့နိုင်ငံ၌ ခိုင်မာသည့် စီးပွားရေးအရင်းအမြစ်များရှိပြီးဖြစ်ကြောင်း၊ ယင်းကို ထုတ်လုပ်မြှင့်တင်နိုင်ရန်သာလိုကြောင်း၊ ပြည်တွင်းအားသည် ပြည်တွင်း၌သာရှိကြောင်း၊ လက်ရှိကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းကိုလည်း မျက်ခြည်မပြတ်ကြည့်ပြီး ဒေသတွင်း အခြေအနေကိုလည်း စောင့်ကြည့်စေလိုကြောင်း၊ မိမိတို့အစိုးရ၏ ပေးထားသည့် ကတိကဝတ်များအတိုင်း အောင်မြင်အောင် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း။
တတိယအချက်အနေဖြင့် ပြည်ဖျက်မီဒီယာအချို့နှင့် အကြမ်းဖက်အဖွဲ့များ လုပ်ကြံဖန်တီးထားသည့် ပျူစောထီးဆိုသည့် အသုံးအနှုန်းအကြောင်း ပြောလိုကြောင်း၊ ဦးစွာသမိုင်းကြောင်းကို သိပါ၊ လေ့လာပါဟု ပြောလိုကြောင်း၊ ပျူစောထီး ဘယ်ကဖြစ်လာသလဲ၊ ဘယ်ကစသလဲ ဆိုသည်ကို ပုဂံခေတ်က စသည့်အကြောင်းအရာများအား စ၍မပြောတော့ဘဲ ၁၉၅၀ ပြည့်နှစ်ဝန်းကျင်ကစ၍ ပြောလိုကြောင်း။
ပျူစောထီးတပ်များကို ၁၉၅၅ ခုနှစ် အောက်တိုဘာလတွင် ဝန်ကြီးချုပ် ဦးနုဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် အမျိုးသားကာကွယ်ရေးကောင်စီ၏ ဆုံးဖြတ်ချက်အရ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ အစိုးရက ပျူစောထီးတပ်များဖွဲ့စည်းတော့မည်ဟု ကြေညာစဉ်ကပင် အတိုက်အခံပါတီ အဖွဲ့အစည်းများသည် အပြင်းအထန် ကန့်ကွက်ခဲ့ကြကြောင်း၊ ပျူစောထီးတပ်များသည် ပြည်သူကို ကာကွယ်စောင့်ရှောက်ရမည့်အစား အချို့သူများသည် လက်နက်အားကိုးဖြင့် ပြည်သူကို ညှဉ်းပန်းနှိပ်စက်လာကြခြင်းများရှိကြောင်း၊ ၎င်းတို့ကို ဖွဲ့စည်းပေးထားသည့် ပါတီအုပ်စုများ၏ ခါးပိုက်ဆောင် တပ်သဖွယ် အသုံးပြုလာသည့်အထိ ရှိလာကြောင်း။
၁၉၅၆ ခုနှစ်က ကျင်းပသည့် ရွေးကောက်ပွဲမတိုင်မီ ပျူစောထီးများ၏ ရမ်းကားမှုများ ပေါ်လာခဲ့ကြောင်း၊ သာဓကအဖြစ် သာယာဝတီခရိုင် မင်းလှရွေးကောက်ပွဲ လေးလောင်းပြိုင် လူသတ်မှု၊ ၁၉၅၇ ခုနှစ် မေ ၂ ရက် မြိတ်ခရိုင် ဆီတောင်အိုင် ရွာလူသတ်မှုများ ပေါ်လာခဲ့ကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီအရေခြုံ အာဏာရှင်ပါတီ၏ ပျူစောထီးတပ်များ ဖွဲ့စည်းနေခြင်းကို ရုပ်သိမ်းပေးရန်၊ ပျူစောထီးတပ်များ ကျူးလွန်ခဲ့သည့် ရက်စက်မှုကြီးများကို ထိရောက်စွာ အရေးယူနိုင်ရန် ပြည်သူ့ကော်မရှင်တစ်ရပ် ဖွဲ့စည်းစုံစမ်းအရေးယူရန် အတိုက်အခံ မြန်မာနိုင်ငံ ပြည်ထောင်စုအမျိုးသား ညီညွတ်ရေးတပ်ပေါင်းစု (ပမညတ)အဖွဲ့က တောင်းဆိုခဲ့ကြောင်း၊ ထို့အတူ မြောင်းမြမြို့နယ် မရန်းချောင်းကျေးရွာ၊ ဘိုးကြားကုန်းကျေးရွာ၊ ရွှေရပ်တောင်ကုန်းကျေးရွာ စသည့်ရွာများ၌ ပျူစောထီးများက လယ်သမားများကို မတရားဖမ်းဆီးခြင်း၊ လယ်လုပ်ကိရိယာများ၊ မျိုးစပါးများကို မီးရှို့ဖျက်ဆီးခြင်း၊ မွေးထားသော တိရစ္ဆာန်များကို ပစ်သတ်ခြင်း၊ ယူဆောင်သွားခြင်း စသည်တို့ကို ပြုမူနေမှုနှင့်ပတ်သက်၍ ၁၉၅၇ ခုနှစ် မေ ၃၀ ရက်တွင် တောင်သူလယ်သမား ညီညွတ်ရေးအစည်းအရုံး (ပြည်ထောင်စုမြန်မာနိုင်ငံ) (တလညစ)ဌာနချုပ် မြောင်းမြခရိုင်က သတင်းထုတ်ပြန် ကြေညာခဲ့ကြောင်း၊ စစ်ကိုင်းတွင်လည်း ပျူစောထီးများ၏ ရမ်းကားမှုကို ပျူစောထီးကို ဖွဲ့စည်းပေးထားသည့် ဝန်ကြီးချုပ်ဦးနုထံ ၎င်းတို့ နှိပ်စက်မှုကြောင့်ရရှိသည့် ဒဏ်ရာများကို ပြသ၍ တိုင်ကြားသည်အထိ ဖြစ်လာခဲ့ကြောင်း။
ဝန်ကြီးချုပ်ဦးနုသည် ၁၉၅၈ ခုနှစ် ဇူလိုင် ၃ဝ ရက်တွင် တပ်မတော်က တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ကြောင်း၊ ၁၉၅၈ ခုနှစ် ဩဂုတ် ၈ ရက်တွင် ပမညတအဖွဲ့က ပျူစောထီးများ ရှိနေသရွေ့ တရားမျှတသန့်ရှင်းသော ရွေးကောက်ပွဲမဖြစ်နိုင်ဟုဆိုကာ ပျူစောထီးများ ဖျက်သိမ်းရန် ဝန်ကြီးချုပ်ဦးနုအား ထပ်မံတိုက်တွန်းခဲ့ကြောင်း၊ ယင်းတိုက်တွန်းစာတွင် ဝန်ကြီးချုပ်သည် ပျူစောထီးများကို ဖျက်သိမ်းမည်ဟု ကြေညာခဲ့သော်လည်း ယခုတိုင် မဖျက်သိမ်းသေးကြောင်း၊ ပျူစောထီးများသည် နေ့စဉ်နှင့်အမျှ ဆိုးသွမ်းသောင်းကျန်းကာ ပြည်သူလူထု၏ဘဝကို ခြိမ်းခြောက်မြဲ ခြိမ်းခြောက်နေသည်ကို အားလုံးသိပြီးဖြစ်မည်ဟု ယုံကြည်ကြောင်း၊ ပျူစောထီးတပ်များသည်-
(က) တစ်ဖွဲ့တစ်ပါတီ လူတစ်စု၏ ခါးပိုက်ဆောင်တပ်အနေဖြင့် တည်ရှိဆောင်ရွက်နေခြင်း။
( ခ ) စတင်ဖွဲ့စည်းစဉ်ကပင် ပြည်သူလူထုအား နှိပ်စက်ညှဉ်းပန်းခဲ့၍ ယနေ့တိုင်လည်း အမျိုးမျိုးအဖုံဖုံ နှိပ်စက်ညှဉ်းပန်းလျက်ရှိခြင်း။
( ဂ ) ပြည်သူတို့၏ လွတ်လပ်စွာ စည်းရုံးဆောင်ရွက်ခွင့်ကို ပြောင်ပြောင်တင်းတင်း တားဆီးစော်ကားနေခြင်း။
(ဃ) အနာဂတ်ကာလတွင်လည်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနှင့် အမျိုးသား ညီညွတ်ရေးအတွက် မည်သို့မျှ အထောက်အကူမပြုရုံမျှမက အကြီးမားဆုံး ဘေးအနှောင့်အယှက် အဟန့်အတားကြီးဖြစ်နေခြင်း။
(င) လာလတ္တံ့သော ရွေးကောက်ပွဲတွင် ၎င်းတို့တည်ရှိခြင်းဖြင့် လက်နက်ဖြင့် အဆုံးအဖြတ်ပေးမည့် မတရား မမျှတသော ရွေးကောက်ပွဲဖြစ်မည့် အလားအလာက ပိုမိုများပြားနေခြင်း စသည်တို့ကို ထောက်ရှုကာ ပျူစောထီးများအား အမြန်ဆုံး လက်တွေ့ဖျက်သိမ်းပေးပါရန် လေးနက်စွာ ထပ်မံတိုက်တွန်းရပါကြောင်း စသည်ဖြင့် ပါရှိကြောင်း။
ပျူစောထီးနှင့်ပတ်သက်ပြီး ဗမာ့တပ်မတော်အား စွပ်စွဲပြောဆိုချက်များကို ထိုစဉ်က အာဏာရ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ နိုင်ငံရေးသမားများကိုယ်တိုင်က ဆောင်ရွက်ခဲ့ကြောင်း၊ တပ်မတော်က ခေါင်းဆောင်အချို့သည် ဝန်ကြီးချုပ်ဦးနုနှင့် သွားရောက်တွေ့ဆုံပြီး စွပ်စွဲချက်များသည် မဟုတ်မမှန်ကြောင်းကို ရှင်းလင်းခဲ့ကြကြောင်း၊ ထို့ကြောင့် တပ်မတော်ကို ပုတ်ခတ်ပြောဆိုမှုများသည် မှားယွင်းကြောင်း ဝန်ကြီးချုပ်က စက်တင်ဘာ ၄ ရက် ညတွင် အသံလွှင့်ကာ ရှင်းလင်းခဲ့ရသည်ကို သမိုင်းအထောက်အထားများအရ သိရကြောင်း၊ ယင်းမိန့်ခွန်းတွင် ပျူစောထီး ဖျက်သိမ်းရေး အစီအစဉ်နှင့်ပတ်သက်ပြီး ဗိုလ်မင်းခေါင် ဦးဆောင်သော လေးဦးအဖွဲ့က ပျူစောထီးဖျက်သိမ်းရေးအစီအစဉ်များကို ရေးဆွဲပြီးကြောင်း ပြောကြားခဲ့ကြောင်း။
ပျူစောထီးကိစ္စနှင့်ပတ်သက်ပြီး ၁၉၅၈ ခုနှစ် စက်တင်ဘာ ၁၄ ရက်တွင် အစိုးရက ကြေညာချက်တစ်စောင်ထုတ်ပြန်ပြီး ၁၉၅၅ ခုနှစ် အောက်တိုဘာလမှစ၍ ဖွဲ့စည်းထားသည့် ပျူစောထီးအဖွဲ့အစည်းများအားလုံးကို ဖျက်သိမ်းရန် အစိုးရက ဆုံးဖြတ်လိုက်ကြောင်း ကြေညာခဲ့ကြောင်း။
မိမိပြောလိုသည်မှာ ပြည်ဖျက်မီဒီယာများ၊ NUG အမည်ခံ အကြမ်းဖက်အဖွဲ့များ၊ PDF အဖွဲ့များ သုံးနှုန်းနေသည့် ပျူစောထီးတပ်ဆိုသည်မှာ ပါလီမန်ဒီမိုကရေစီခေတ်က ဦးနု၏ အာဏာရပါတီက ဒီမိုကရေစီအနိုင်ကျင့်မှုအတွက် ဖွဲ့စည်းထားသည့် အဖွဲ့မျိုးဟုသာ ဆိုချင်ကြောင်း၊ အဆိုပါအမည်မျိုးကို မီဒီယာများက သုံးစွဲနေသည်မှာ သမိုင်းကြောင်း အမှန်ကိုမသိဘဲ ပြောဆိုခေါ်ဝေါ် သုံးစွဲနေခြင်းဖြစ်သည့်အတွက် အံ့ဩစရာကောင်းနေကြောင်း၊ ထိုစဉ်က ပြည်သူကိုနှိပ်စက်၊ သတ်ဖြတ်၊ ခြိမ်းခြောက်သည့် လုပ်ငန်းများကို မည်သူတို့က ယနေ့ ဤနိုင်ငံတွင် လုပ်နေသည်လဲ၊ နေ့စဉ်နှင့်အမျှ ရဟန်း၊ သံဃာများကို သတ်ဖြတ်၊ ဆရာ ဆရာမများကို ရန်ရှာ၊ ပြည်သူလူထုကြား ဗုံးခွဲ၊ ကလေးများ၏ ပညာသင်ကြားမှုက ခြိမ်းခြောက်၊ စာသင်ကျောင်းကိုပါ Drone နှင့် ဗုံးကြဲနေသည်မှာ မည်သူတို့ ဖြစ်သနည်း၊ ယင်း NUG၊ PDF အမည်ခံ အကြမ်းဖက်များသာ ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် ဦးနုဖွဲ့စည်းခဲ့သည့် ပျူစောထီးအမည်ခံ လူရမ်းကားအဖွဲ့ထက်ဆိုးသည့် ခေတ်သစ်ပျူစောပျက်များသာ ဖြစ်ကြောင်း၊ အွန်လိုင်းပေါ်တွင် စွပ်စွဲပြောဆိုနေကြသည်မှာ ပျူစောထီးသည် စစ်မှုထမ်းဟောင်းများနှင့် မဘသများဟု ဆိုကြကြောင်း၊ ယုတ်မာသည့် အကြမ်းဖက်များနှင့် မီဒီယာများ၏ ၎င်းတို့လိုချင်သည့် နှုတ်ကြောင်းဟုသာ ပြောလိုကြောင်း၊ ယခင်က အတွေးအခေါ်များကိုသာ ပုံဖော်နေခြင်းဖြစ်ကြောင်း။
မြန်မာ့နိုင်ငံရေးခရီးစဉ်တွင် စင်ပြိုင်အစိုးရဖွဲ့စည်းမှုနှင့် ပုံဖော်ခဲ့သည်မှာ (၅)ကြိမ်ရှိခဲ့ကြောင်း၊ ပထမအကြိမ်က ဂျပန်တို့ မြန်မာပြည် ထိုးစစ်ကြောင့် ထွက်ပြေးရသည့် ဒေါ်မန်စမစ်၏ ပြည်ပရောက်အစိုးရ၊ ဒုတိယအကြိမ် စင်ပြိုင်အစိုးရမှာ ၁၉၆၉ ခုနှစ်က ပေါ်ထွက်ခဲ့သည့် ဦးနုဦးဆောင်သည့် ပြည်ချစ်ဒီမိုကရေစီပါတီသာဖြစ်ကြောင်း၊ ဗိုလ်ချုပ်ကြီးနေဝင်း နိုင်ငံတော်အာဏာ ရယူသဖြင့် မကျေနပ်သည့်အတွက် ၁၉၆၉ ခုနှစ်၊ ဩဂုတ် ၂၉ ရက်တွင် ဖွဲ့စည်းခဲ့သည့် အဖွဲ့ဖြစ်ကြောင်း၊ တတိယအကြိမ်က ၁၉၈၈ အရေးတော်ပုံကာလတွင် ဖွဲ့စည်းခဲ့သည့် ဦးနုဦးဆောင်သည့် ကြားဖြတ်အစိုးရဖြစ်ကြောင်း၊ ဦးနုက ၎င်းသာဝန်ကြီးချုပ်ဆိုပြီး ဖွဲ့ခဲ့ခြင်းဖြစ်ကြောင်း၊ စတုတ္ထအကြိမ်မှာ ၁၉၉၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၈ ရက်က ပေါ်ပေါက်ခဲ့သည့် NCGUB (မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ) ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ၌ ရုံးစိုက်ခဲ့ပြီး ပြည်ပမှ ဆောင်ရွက်ခဲ့သည့်အဖွဲ့ဖြစ်ကြောင်း၊ သောင်းကျန်းသူ ဌာနချုပ်တစ်နေရာ၌ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ ယနေ့ အကြမ်းဖက်ခေါင်းဆောင် NUG လည်း ယင်းအတိုင်းသာဖြစ်ကြောင်း၊ စင်ပြိုင်အစိုးရ ထူထောင်မည်၊ တောတွင်းအစိုးရထောင်မည်၊ ၎င်းတို့ထင်သလို ဖြစ်မလာပါက အကြမ်းဖက်လမ်းစဉ်ကို ရွေးချယ်ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း၊ လက်ရှိလည်း ယင်းသို့သာဖြစ်ကြောင်း၊ ၎င်းတို့အတွက် ခါးပိုက်ဆောင်အဖွဲ့ဆိုသည်မှာ အမြဲကပ်လျက် ပါလာသည်သာဖြစ်ကြောင်း။
မိမိကို ပျူစောထီးကို တပ်မတော်ကဖွဲ့စည်း ပေး/ မပေး တပ်မတော်၏ သဘောထားစသည်ဖြင့် မေးကြကြောင်း၊ အစိုးရအနေဖြင့်ရော၊ တပ်မတော်အနေနှင့်ပါ ဖဆပလကဲ့သို့ ဒီမိုကရေစီအရေခြုံ အာဏာရှင်စနစ်ထူထောင်ရန် ခါးပိုက်ဆောင်တပ် ပျူစောထီးကို ဖွဲ့ခဲ့ခြင်းမရှိကြောင်း၊ ပျူစောထီးဆိုသည့် အသုံးအနှုန်းကို မရှိခဲ့ကြောင်း၊ တပ်မတော်သည် သမိုင်းကြောင်းကို ကျေညက်ပြီးဖြစ်ကြောင်း၊ သမိုင်းကြောင်း အစာမကြေသူများသာ သမိုင်းဘီးကို နောက်ပြန်လှည့်နေခြင်းဖြစ်ကြောင်း၊ တပ်မတော်က တည်ဆဲဥပဒေများအရ ဒေသခံပြည်သူလူထုက ၎င်းတို့၏ ကျေးရွာ၊ ရပ်ကွက်များ၏ လုံခြုံရေးအတွက် ပြည်သူ့စစ်ဖွဲ့စည်းခွင့် တင်ပြလာပါက ဖွဲ့စည်းခွင့် စိစစ်ခြင်းများ၊ ဖွဲ့စည်းခွင့်ပြုခြင်းများ၊ လိုအပ်သည့်လက်နက် တပ်ဆင်ပေးခြင်းများ၊ စစ်မြေပြင် စည်းကမ်းနှင့် စစ်သင်တန်းပေးခြင်းများ ဆောင်ရွက်ပေးကြောင်း၊ လိုအပ်လျှင် ဥပဒေအရ ဒေသကာကွယ်ရေးအတွက် ပြည်သူ့စစ်ဖွဲ့စည်းရန်သာရှိကြောင်း။
ပြည်သူ့စစ်ဆိုသည်မှာ မိမိနိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး၏ လုံခြုံရေးကို မိမိကိုယ်တိုင် ပါဝင်ဆောင်ရွက်ရမည်ဟု ပြည်သူလူထုတစ်ရပ်လုံးက သဘောပေါက်ပြီး နိုးကြားတက်ကြွစွာ အသိနှင့်ယှဉ်သည့် ပါဝင်ဆောင်ရွက်မှုသာဖြစ်ကြောင်း၊ တိုင်းရင်းသား ပြည်သူလူထုအတွင်းမှ စည်းရုံးဖွဲ့စည်းထားသည့် ပြည်သူ့စစ်အဖွဲ့ဝင်များသည် အေးချမ်းချိန် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရန်၊ မြို့နယ်၊ ကျေးရွာ လုံခြုံရေးအတွက် ကာကွယ်စောင့်ရှောက်ရန်ဖြစ်ကြောင်း၊ ရေတိုရည်မှန်းချက်က ပြည်တွင်းလက်နက်ကိုင် အကြမ်းဖက်မှုကို ချေမှုန်းရန်၊ ရေရှည်ရည်မှန်းချက်က နိုင်ငံတော် ကာကွယ်စောင့်ရှောက်ရာတွင် ပြည်သူ့စစ်မဟာဗျူဟာအစီအမံ၏ အစိတ်အပိုင်းဖြစ် ပါဝင်ရန်သာဖြစ်ကြောင်း၊ မီဒီယာများနှင့် ဆန့်ကျင်ဘက်အဖွဲ့အစည်းများ သုံးနေသည့် ပျူစောထီးဆိုသည်မှာ ၂၀၂၁ ဖေဖော်ဝါရီ လကုန်ခါနီး နွေရောက်လုဆဲဆဲ ဆောင်းအကုန်၊ နွေအကူးကစပြီး အရူးထခြင်း တစ်မျိုးသာဖြစ်ကြောင်း ပြောလိုကြောင်း။
(ဆက်လက်ဖော်ပြပါမည်)