Skip to main content

အသင်း၏အတွေ့အကြုံ နမူနာကောင်းများကို စံထားပြီးနိုင်ငံတစ်ဝန်း၌ရေအသုံးချသူများအဖွဲ့(WUG)နှင့် ရေအသုံးချသူများအသင်း (WUA) များ တိုးချဲ့ဆောင်ရွက်နိုင်ရေးကြိုးပမ်း

နေပြည်​တော် ဇူလိုင် ၂၆

ဆင်သေဆည်ရေသောက်စနစ်၊ ဆင်သေလက်ဝဲမြောင်းမကြီးလက်တံ(၂)မြောင်း ရေအသုံးချသူများအသင်း၏ အသင်းသားစုံညီအစည်းအဝေးကို ယနေ့နံနက်ပိုင်းက တပ်ကုန်းမြို့ အောင်ဆန်းခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့် ကောင်စီအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆင်သေဆည်ရေသောက်စနစ်၊ လက်ဝဲမြောင်းလက်တံ(၂)မှ ရေအသုံးချသူများအသင်း(WUA) အသင်းသူ၊ အသင်းသားများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေးကိုအခြေခံပြီး စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရာတွင် တောင်သူများ၏အဖွဲ့အစည်းဖြင့်ဆောင်ရွက်မှု၊ စည်းလုံးညီညွတ်မှုနှင့် ဝီရိယထားကြိုးပမ်းအားထုတ်မှုများသည် အလွန်အရေးပါကြောင်း၊ ယခုကဲ့သို့ တောင်သူများပါဝင်သော ရေအသုံးချသူများအသင်းအဖွဲ့များ ဖွဲ့စည်းနိုင်ခြင်းအားဖြင့် ရေပေးဝေရေးသာမက မျိုးနှင့်သွင်းအားစုများဝယ်ယူခြင်း၊ ထွက်ကုန်များရောင်းချခြင်း စသည့် စိုက်ပျိုးရေးကဏ္ဍများတွင်လည်း တောင်သူအချင်းချင်း ရင်းနှီးမှု၊ ရိုင်းပင်းကူညီမှု၊ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာကာ တောင်သူတစ်ဦးချင်း၏ ထုတ်လုပ်မှုနှင့် တစ်ဧကစီ၏ သီးနှံထွက်စွမ်းအားမြင့်မားလာမှုနှင့်အတူ ဝင်ငွေများတိုးတက်လာပြီး လူနေမှု အဆင့်အတန်း မြင့်မားလာရေး၊ ဒေသဖွံ့ဖြိုးရေးကို များစွာ အထောက်အကူပြုနိုင်မည်ဖြစ်၍ ယနေ့ရေအသုံးချသူများအသင်း ဖွဲ့စည်းနိုင်ခြင်းအပေါ် များစွာဂုဏ်ယူမိပါကြောင်း၊ ယခုအသင်း၏ အတွေ့အကြုံ နမူနာကောင်းများကို စံထားပြီး နိုင်ငံတစ်ဝန်း၌ ရေအသုံးချသူများအဖွဲ့(WUG)နှင့် ရေအသုံးချသူများအသင်း (WUA)များ တိုးချဲ့ဆောင်ရွက်နိုင်ရေး ကြိုးပမ်းကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက နှုတ်ခွန်းဆက် အားပေးစကား ပြောကြားသည်။

ထို့နောက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော်က ကျေးဇူးတင်စကားပြောကြားပြီး ရေအသုံးချသူများအသင်း (WUA) ဦးဆောင်သူများ ဘုတ်အဖွဲ့ဒုတိယဥက္ကဋ္ဌ ဦးဝေလင်းက လုပ်ငန်းဆောင်ရွက်မှုကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဧည့်သည်တော်များသည် ရေအသုံးချသူများအသင်း (WUA) ဦးဆောင်သူ ဘုတ်အဖွဲ့ဝင်များနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး အစည်းအဝေးတက်ရောက်လာကြသည့်သူများကို ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကြသည်။

အစည်းအဝေးဒုတိယပိုင်းတွင် ရေအသုံးချသူများအဖွဲ့ (WUG) တွင်ပါသည့် အဖွဲ့ခေါင်းဆောင်များကို ရွေးချယ်ပြီးရေအသုံးချသူများအသင်း (WUA) အတွက် ဦးဆောင်သူများအဖွဲ့၊ စီမံခန့်ခွဲမှုအဖွဲ့များ၊ အလုပ်အမှုဆောင်အဖွဲ့များကို အစည်းအဝေးတက်ရောက်လာသူ အသင်းဝင်များ၏ ဆန္ဒသဘောထားများဖြင့် ရွေးချယ်တင်မြှောက် တာဝန်ပေးအပ်ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

ဆင်သေဆည်ရေသောက်စနစ်၊ ဆင်သေလက်ဝဲမြောင်းမကြီးလက်တံ(၂)မြောင်းရှိ ရေအသုံးချသူများအဖွဲ့(WUG) ၂၂ ဖွဲ့မှ အဖွဲ့ဝင်တောင်သူ ၄၃၇ ဦးတို့ပေါင်းစပ်ပြီး ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်