နေပြည်တော် ဇူလိုင် ၂၁
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်ရှိ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်သို့ ရောက်ရှိကာ ကျောင်းဝင်းအတွင်း စိုက်ပျိုးရေးဆောင်ရွက်ထားရှိမှု၊ နို့စားနွား မွေးမြူရေးခြံနှင့် ဘဲမွေးမြူရေးခြံ ဆောက်လုပ်မည့် လျာထားမြေနေရာ၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် လေးထပ်အင်ဂျင်နီယာ အလုပ်ရုံ ဆောက်လုပ်ခြင်းအပါအဝင် တည်ဆောက်ရေးလုပ်ငန်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စံချိန်စံညွှန်းပြည့်မီ၍ သတ်မှတ်ချိန်အတွင်း ပြီးစီးအောင်ဆောင်ရွက်ရေး မှာကြားသည်။
ကြည့်ရှုစစ်ဆေး
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်နှင့်အတူ မအူပင်မြို့နှင့် ဘိုကလေးမြို့တို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများသို့ သွားရောက်ပြီး သင်တန်းကျောင်းခန်းမ၌ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ၍ ကျောင်းဝင်းအတွင်းရှိ အိပ်ဆောင်များ၊ စားရိပ်သာ၊ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဇူလိုင် ၂၀ ရက် နံနက်ပိုင်းတွင် ပုသိမ်မြို့ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းသို့ ရောက်ရှိပြီး တိုင်းဒေသကြီး ဦးစီးမှူးရုံးနှင့် ကျောင်းဝင်းအတွင်းရှိ အိပ်ဆောင်များ၊ စားရိပ်သာ၊ သင်တန်းသူများ လက်တွေ့သင်ကြား လေ့ကျင့်နေမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်၊၊
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လပွတ္တာမြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်းနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းများသို့ ရောက်ရှိပြီး ကျောင်းဝင်းအတွင်းရှိ အိပ်ဆောင်များ၊ စားရိပ်သာ၊ သင်တန်းသားများ၏ လက်တွေ့သင်ကြား လေ့ကျင့်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
သင်ကြားလေ့ကျင့်ပေးလျက်ရှိ
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မအူပင်မြို့နှင့် ဘိုကလေးမြို့တို့၌ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း တစ်ကျောင်းစီ၊ ပုသိမ်မြို့နှင့် လပွတ္တာမြို့တို့၌ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း တစ်ကျောင်းစီနှင့် လပွတ္တာမြို့၌ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်း တစ်ကျောင်း စုစုပေါင်း ငါးကျောင်း တည်ထောင်ဖွင့်လှစ်ကာ ဒေသခံတိုင်းရင်းသား လူငယ်များနှင့် အမျိုးသမီးငယ်များကို အခြေခံပညာနှင့် အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားလေ့ကျင့်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်