ပဲခူး ဇူလိုင် ၂၁
KG တိုင်းရင်းသား ကျောင်းသား ကျောင်းသူများအတွက် တိုင်းရင်းသားတို့၏ ပုံပြ ပုံပြင်စာအုပ်များကို ပေးအပ်ရခြင်းသည် တိုင်းရင်းသား ကလေးငယ်များ မိမိတို့၏ ဘာသာစကားနှင့် စာပေကို ပိုမိုစိတ်ဝင်စားလာစေရန်ဖြစ်ကြောင်း၊ ယခုပေးအပ်သည့် တိုင်းရင်းသား ပုံပြ ပုံပြင်စာအုပ်များသည် တိုင်းရင်းသားကလေးငယ်များ၏ မူလတန်း စာပေသင်ကြားရာတွင် များစွာအထောက်အကူ ဖြစ်စေရန်နှင့် ကျောင်းထွက်နှုန်း လျော့ကျစေရန်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောကြားသည်။
ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့ ဥဿာမြို့သစ် ဓမ္မစေတီလမ်းနှင့် သစ်တောရိပ်သာ လမ်းထောင့်ရှိ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် KG တိုင်းရင်းသား ကျောင်းသား ကျောင်းသူများအတွက် တိုင်းရင်းသား ပုံပြ ပုံပြင်စာအုပ်များ ပေးအပ်ပွဲ အခမ်းအနားတွင် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းရင်းသားတို့၏ စာပေနှင့်ဘာသာစကားတို့ကို အားပေးမြှင့်တင်ခြင်းဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှုနှင့် ချစ်ကြည်လေးစားမှုတို့ ရရှိစေမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား ကျောင်းသား ကျောင်းသူများအနေဖြင့် မိမိတို့၏ စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုများကို အလေးအနက် တန်ဖိုးထားတတ်စေရန် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များက အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကယား၊ ကရင်နှင့် အရှိုချင်း တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီများထံသို့ လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပအိုဝ်းနှင့်ဗမာ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီများထံသို့ လည်းကောင်း၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးက မွန်နှင့်ရှမ်း တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီများထံသို့ လည်းကောင်း၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးက ရခိုင်တိုင်းရင်းသားများအတွက် လည်းကောင်း တိုင်းရင်းသား ပုံပြ ပုံပြင်စာအုပ်များကို ပေးအပ်ကြသည်။
တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍ KG တိုင်းရင်းသား ကျောင်းသား ကျောင်းသူများဖြစ်သော ကယား၊ စကောကရင်၊ အရှိုချင်း၊ မွန်၊ ရခိုင်၊ ရှမ်း၊ ပအိုဝ်းနှင့် ဗမာ စသည့် တိုင်းရင်းသားများနှင့် သက်ဆိုင်သည့် ပုံပြပုံပြင် စာအုပ်ပေါင်း ၁၀၃၆၄၃ အုပ် ခွဲဝေပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်