Skip to main content

၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပညာရည်ချွန်ဆု ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်ထောက်ပံ့ကြေး ချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

နေပြည်တော် ဇူလိုင် ၂၁

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနရှိ ဝန်ထမ်းသား၊ သမီးများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာသင် ထောက်ပံ့ကြေးများ ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အဖွင့်အမှာစကား ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့က တက္ကသိုလ်ဝင်စာမေးပွဲတွင် (၆) ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသူ (၂)ဦးကို ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုလွှာများ ပေးအပ်သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးက တက္ကသိုလ်ဝင်စာမေးပွဲတွင် (၅)ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူ (၄)ဦးအတွက် ဂုဏ်ပြုဆုငွေများ၊ တက္ကသိုလ်၊ ကောလိပ်များမှ ကျောင်းသား ကျောင်းသူများအတွက် ဝတ်စုံစရိတ် တန်ဖိုးငွေကျပ် (၁၆၅ ဒသမ ၆၀) သိန်းနှင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းမှ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံ (၁)စုံစီ တန်ဖိုးငွေကျပ် (၄၅ ဒသမ ၆၉၅) သိန်းတို့ကို ထောက်ပံ့ပေးအပ်သည်။

ယင်းနောက် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ပါမောက္ခချုပ်များက တက္ကသိုလ်ဝင်စာမေးပွဲတွင် (၄)ဘာသာဂုဏ်ထူး၊ (၃)ဘာသာဂုဏ်ထူး၊ (၂)ဘာသာဂုဏ်ထူး၊ (၁)ဘာသာဂုဏ်ထူးနှင့် ရိုးရိုးအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအတွက် ဂုဏ်ပြုဆုငွေများနှင့် တက္ကသိုလ်၊ ကောလိပ်၊ ကျောင်းများအတွက် ဝတ်စုံနှင့် ကျောင်းသုံးပြဌာန်း စာအုပ်များကို ချီးမြှင့်ပေးအပ်ကြသည်။

ထို့နောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ဘာသာစုံဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည့် မရွှန်းလဲ့မီမီခိုင်က ကျောင်းသား ကျောင်းသူများကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များသည် ကျောင်းသား ကျောင်းသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ယနေ့ကျင်းပသော အခမ်းအနားတွင် ဝန်ကြီးဌာနတစ်ခုလုံးမှ တက္ကသိုလ်ဝင်တန်း အောင်မြင်သော ကျောင်းသား ကျောင်းသူ ၁၂၅ ဦးအနက် ရိုးရိုးအောင်မြင်သူ ၅၈ ဦးကို တစ်ဦးလျှင် ငွေကျပ် ငါးသောင်းနှုန်း၊ ဘာသာစုံဂုဏ်ထူးရှင် ၂ ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၄ ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၇ ဦး၊ သုံးသာဘာဂုဏ်ထူးရှင် ၇ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၁၃ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၃၄ ဦး၊ စုစုပေါင်း ဂုဏ်ထူးရရှိသူ ၆၇ ဦးတို့ကို ဂုဏ်ထူးတစ်ခုလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ဂုဏ်ပြုချီးမြှင့်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်