နေပြည်တော် ဇူလိုင် ၂၁
မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လျှောက်ထားသူများနှင့် ပတ်သက်၍ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်း (Permanent Residence System-PR System) ဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေးနှင့် ဗဟိုကော်မတီမှ စိစစ်အတည်ပြုပြီးသူများအား လူတွေ့မေးမြန်း အကဲဖြတ်ခြင်းကို ယနေ့ နံနက် (၁၀)နာရီက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ်ကို ၂၀၁၂ ခုနှစ်၊ စက်တင်ဘာ (၁၉)ရက်မှ စတင် ဆောင်ရွက်ခဲ့ပြီး ကျွမ်းကျင်ပညာရှင်၊ ရင်းနှီးမြှုပ်နှံလိုသည့် စီးပွားရေးလုပ်ငန်းရှင်၊ အခြားနိုင်ငံသား ခံယူထားပြီး မိမိနိုင်ငံကို အထောက်အကူပြုမည့် မြန်မာနိုင်ငံသားဟောင်းနှင့် မြန်မာနိုင်ငံသားနှင့် သွေးချင်းဆက်စပ်သူ နိုင်ငံခြားသားဟူ၍ အမျိုးအစား (၄)မျိုးဖြင့် ခွင့်ပြုဆောင်ရွက် ပေးလျက်ရှိကြောင်း၊ စတင်ဆောင်ရွက်ချိန်မှ ၂၀၂၂ ခုနှစ်၊ ဇူလိုင် (၂၀)ရက်အထိ လျှောက်ထားသူနှင့် မိသားစုအပါအဝင် စုစုပေါင်း (၇၂၆)ဦးရှိပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ အတည်ပြုခွင့်ပြုပေးပြီးသူ မိသားစုအပါအဝင် (၆၄၈)ဦး ရှိပြီဖြစ်ကြောင်း၊ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ်သည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံအတွက် နိုင်ငံခြားငွေရရှိရေးနှင့် ရေရှည်အကျိုးစီးပွား ဖြစ်ထွန်းရေးတို့အတွက် များစွာအထောက်အကူပြုသည့် နည်းလမ်းတစ်ခုဖြစ်ကြောင်း၊ ယင်းလုပ်ငန်းစဉ်အား PR နည်းဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လျှောက်ထားသူများအနက် PR နည်းဥပဒေအရ ငြင်းပယ်ခဲ့သူ (၇)ဦး၊ လျှောက်ထားခြင်းကို ပြန်လည်ပယ်ဖျက်သူ (၁)ဦး၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေအရ လေကြောင်းလိုင်းများ ပိတ်ထားခြင်းကြောင့် ဗဟိုကော်မတီမှ လူတွေ့စစ်ဆေးအကဲဖြတ်ရန် ကျန်ရှိသည့် လျှောက်ထားသူ (၃၉)ဦးနှင့် မိသားစု (၁၂)ဦး၊ ယခု ထပ်မံလျှောက်ထားသူ (၁၁) ဦးနှင့် မိသားစု (၇)ဦး စုစုပေါင်း လျှောက်ထားသူ (၅၀)နှင့် မိသားစုဝင် (၁၉)ဦး စုစုပေါင်း (၆၉)ဦးရှိကြောင်း၊ ၎င်းတို့အနက် လုပ်ငန်းကော်မတီမှ ပဏာမစိစစ်ပြီးသူများနှင့် ယခင်လူတွေ့စစ်ဆေးရန် ကျန်ရှိသူများအနက်မှ လာရောက်ဖြေဆိုမည့်သူ မိသားစုဝင်များ အပါအဝင် (၂၁) ဦးအား ယခုအစည်းအဝေးတွင် လူတွေ့စစ်ဆေးအကဲဖြတ် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင်လည်း အဓိကလျှောက်ထားသူ (၁၂)ဦးကို လူတွေ့စစ်ဆေးအကဲဖြတ် ဆောင်ရွက်မည်ဖြစ်ရာ တက်ရောက်လာကြသည့် ဗဟိုကော်မတီဝင်များအနေဖြင့် လူတွေ့မေးမြန်းအကဲဖြတ်ခြင်းကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြစ်စေရေးအတွက် ဝိုင်းဝန်းအကြံပြု သုံးသပ်အကဲဖြတ် ဆောင်ရွက်ပေးကြစေလိုပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ဗဟိုကော်မတီအတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်စိုးက နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ အမြဲနေထိုင်ခွင့်စနစ်ဖြင့် ခွင့်ပြုဆောင်ရွက်ပေးမှုနှင့် ဆောင်ရွက်ရသည့် လုပ်ငန်းအစီအစဉ်များကို လည်းကောင်း၊ တာဝန်ခံအရာရှိက လက်ရှိလူတွေ့စစ်ဆေး အကဲဖြတ်မည့် PR လျှောက်ထားသူ (၁၂)ဦး၊ မိသားစုဝင်(၉)ဦးတို့၏ ကိုယ်ရေးအချက်အလက်များ၊ လုပ်ငန်းကော်မတီနှင့် ဗဟိုကော်မတီတို့မှ စိစစ်ဆောင်ရွက်ခဲ့မှုနှင့် လူတွေ့အကဲဖြတ်စိစစ်မည့် အစီအစဉ်များကို လည်းကောင်း ရှင်းလင်းတင်ပြရာ ဗဟိုကော်မတီဝင်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။
ယင်းနောက် ဗဟိုကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များက နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လျှောက်ထားသူများကို တစ်ဦးချင်းတွေ့ဆုံကာ ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များမှ သိရှိလိုသည်များ၊ ပြဋ္ဌာန်းထားသည့် နည်းဥပဒေအပေါ် သိရှိလိုက်နာဆောင်ရွက်ရေးနှင့် တည်ဆဲဥပဒေများနှင့်အညီ နေထိုင်နိုင်ရေးအခြေအနေများကို မေးမြန်းဆွေးနွေးကြပြီး အကဲဖြတ်အတည်ပြု ဆုံးဖြတ်ကြသည်။
ထို့နောက် ဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးသည် PR လျှောက်ထားသူ (၁၂)ဦးကို ထပ်မံတွေ့ဆုံ၍ မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ် (PR System) ကျင့်သုံးခွင့်ပြုရခြင်း၏ ရည်ရွယ်ချက်၊ PR လျှောက်ထားမှုလုပ်ငန်းစဉ် အဆင့်ဆင့်၊ PR နည်းဥပဒေပြဋ္ဌာန်းမှုနှင့် PR နည်းဥပဒေအပါအဝင် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများနှင့်အညီ နေထိုင်လုပ်ကိုင် ဆောင်ရွက်ကြရေး ရှင်းလင်းပြောကြားသည်။
ယခုအစည်းအဝေးတွင် PR လျှောက်ထားသူ (၁၂) ဦးကို လူတွေ့အကဲဖြတ်စစ်ဆေးကာ ၎င်းတို့နှင့်အတူ လျှောက်ထားသည့် မိသားစုဝင် (၉) ဦးအပါအဝင် စုစုပေါင်း (၂၁) ဦးအတွက် စစ်ဆေးအကဲဖြတ် ဆောင်ရွက်ခဲ့ကြပြီး အတည်ပြုပြီးပါက အထက်အဆင့်ဆင့်သို့ တင်ပြကာ အတည်ပြုခွင့်ပြုသူများကို နေထိုင်ခွင့်လက်မှတ်နှင့် ကတ်ပြားများ ထုတ်ပေးနိုင်ရေး ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်