Skip to main content

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများနှင့် စစ်သည်များပါဝင်သော မျိုးဆက်သစ်ထူးချွန်လူငယ်မောင်မယ်များ စင်ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံလေ့‌လာရေးခရီးစဉ်မှ ပြန်လည်ရောက်ရှိ

ရန်ကုန် ဇူလိုင် ၁၉

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် တပ်မတော်အနေဖြင့် နိုင်ငံတော်၏ ပညာရေးကဏ္ဍမြှင့်တင်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန် တပ်မတော်သားများနှင့် တပ်မတော်သား မိသားစုဝင်များ ပညာရည်မြှင့်တင်ရေးကို အလေးထားဆောင်ရွက်လျက်ရှိရာ မျိုးဆက်သစ်ထူးချွန်လူငယ်မောင်မယ်များအား နိုင်ငံတကာဗဟုသုတတိုးပွားစေရန်၊ နိုင်ငံတကာယဉ်ကျေးမှုနှင့် အသိပညာများ လေ့လာသိရှိနိုင်စေရန်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လမ်းညွှန်မှုဖြင့် စင်ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သို့ လေ့လာရေးခရီးစဉ်သွားရောက်ခဲ့သော ကျောင်းသား၊ ကျောင်းသူများနှင့် စစ်သည်များပါဝင်သော မျိုးဆက်သစ်ထူးချွန်လူငယ်မောင်မယ်များ လေ့လာရေးအဖွဲ့သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိကြသည်။

အဆိုပါလေ့လာရေးအဖွဲ့အား ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် တပ်မတော်အရာရှိကြီးများ၊ ထူးချွန်ကျောင်းသား၊ ကျောင်းသူများ၏ မိဘဆွေမျိုးများနှင့် တာဝန်ရှိသူတို့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

လေ့လာရေးအဖွဲ့သည် ဇူလိုင် ၁၅ ရက်မှ ၁၆ ရက်အထိ စင်ကာပူနိုင်ငံရှိ Garden by the Bay ဥယျာဉ်တွင် သွားရောက်လေ့လာခြင်း၊ Merlion ပန်းခြံတွင် လည်ပတ်ခြင်းနှင့် စင်ကာပူနိုင်ငံ၏ အထင်ကရနေရာ Merlion ရုပ်ထုကြီးဖြင့် မှတ်တမ်းတင်ခြင်း၊ မြေအောက်ရထားစီး၍ သွားရောက်လည်ပတ်ခြင်း၊ စင်ကာပူအမျိုးသားတက္ကသိုလ်သို့ သွားရောက်လေ့လာခြင်း၊ Nayang Technological University (NTU)သို့ သွားရောက်လေ့လာခြင်း၊ Science Center သို့ သွားရောက်လည်ပတ်ခြင်း၊ See Aquarium သို့ သွားရောက်လေ့လာခြင်း၊ Vivo City တွင် စျေးဝယ်ခြင်း၊ Assumption University သို့ သွားရောက်လေ့လာခဲ့ကြသည်။

ထို့နောက် ဇူလိုင် ၁၇ ရက်မှ ၁၉ ရက်ထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ မြဘုရားအား သွားရောက်ဖူးမြော်ခြင်း၊ ငါးပြတိုက်သို့သွားရောက်လေ့လာ၊ Madame Tussauds သို့လေ့လာရေးသွားရောက်ခြင်း၊ ကျောက်ဖရားမြစ် River City မှ ရှေးဟောင်းသမိုင်းဝင် အရုဏ်ဦးဘုရားဆီသို့ ဘန်ကောက်မြို့အလှရှုခင်းများအား လှေစီး၍လေ့လာခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မျိုးဆက်သစ်ထူးချွန်လူငယ်မောင်မယ်များ လေ့လာရေးအဖွဲ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စစ်ရေးချုပ်ရုံးမှ ဗိုလ်မှူးကြီးတင်ဇော်လတ် ဦးဆောင်သော စစ်မှုထမ်းဆဲ/ စစ်မှုထမ်းဟောင်း မိသားစုဝင်သားသမီးများမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ ၃၀ ဦး၊ အမှတ်အများ ဆုံးရရှိသော စစ်သည်သုံးဦး၊ အောင်ချက်အကောင်းဆုံးဆုရကျောင်းအုပ်နှစ်ဦး၊ အုပ်ချုပ်မှုအဖွဲ့ဝင်သုံးဦး စုစုပေါင်း ၃၈ ဦး လိုက်ပါခဲ့ကြပြီး ဇူလိုင် ၁၅ ရက်မှ ၁၉ ရက်ထိ လေ့လာလည်ပတ်ခဲ့ကြကြောင်း သတင်းရရှိသည်။