ရန်ကုန် ဇူလိုင် ၁၈
(၇၅) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ဒုတိယဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ ဝန်ကြီးများရုံး (ယခင်အတွင်းဝန်ရုံး) သို့ရောက်ရှိပြီး ပါလီမန်အဆောက်အအုံနေရာ၊ နိုင်ငံတော်အလံတင်အခမ်းအနား ကျင်းပရာနေရာ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် အစည်းအဝေးခန်းမနှင့် အဆိုပါ အစည်းအဝေးခန်းမအတွင်းရှိ ခင်းကျင်းပြသထားသည့် ပြသပစ္စည်းများနှင့် ခင်းကျင်းပြသထားမှုများကို လှည့်လည်စစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ဝင်များသည် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)သို့ ရောက်ရှိပြီး (၇၅)နှစ်မြောက် အာဇာနည်နေ့ အထူးပြပွဲအတွက် ဗိုလ်ချုပ်ပြတိုက်အတွင်း ခင်းကျင်းထားမှု၊ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက် စိမ်းလန်းစိုပြည် သာယာလှပရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှု၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းပေါင်းချုပ် အပြည့်အစုံကို ၃၂ လက္မ Touch Screen ဖြင့်ပြသထားမှု၊ ဗိုလ်ချုပ်အောင်ဆန်း၏ ရှားပါးဓာတ်ပုံများ၊ ဈာပနအခမ်းအနားတို့ကို Hologram ဖြင့် အများပြည်သူ အလွယ်တကူလေ့လာ သိရှိနိုင်စေရေးအတွက် Digital Museum နည်းပညာအသုံးပြု၍ ခင်းကျင်းပြသထားမှုတို့နှင့် စိုက်ခင်းပြင်ဆင်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်