Skip to main content

ပြည်ပနိုင်ငံများသို့ အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်များ ပြန်လည်ခွင့်ပြုနေပြီဖြစ်သဖြင့် သက်ဆိုင်ရာနိုင်ငံအလိုက် လုပ်ငန်းကော်မတီများအနေဖြင့် မှန်မှန်ကန်ကန် လုပ်ဆောင်

ရန်ကုန် ဇူလိုင် ၁၇

မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF)၏ အမှုဆောင်ကော်မတီ ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ Novotel Yangon Max Hotel ၌ ကျင်းပခဲ့သည်။

ထပ်မံဖွဲ့စည်းဆောင်ရွက်

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်ကို ဝန်ကြီးဌာန၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင် စတင်ဖွဲ့စည်းတည်ထောင်ခွင့်ပြုခဲ့ပြီး သင်းဖွဲ့မှတ်တမ်း၊ သင်းဖွဲ့စည်းမျဉ်းများနှင့်အညီ ရွေးကောက်ပွဲကြီးကြပ်ဖွဲ့စည်း၍ အမှုဆောင်ကော်မတီဝင်များ ရွေးချယ်တင်မြှောက်ခြင်းကို အသင်းသားများက လျှို့ဝှက်ဆန္ဒမဲပေးစနစ်ဖြင့် ရွေးချယ်တင်မြှောက်ခဲ့ရာ ယနေ့အခမ်းအနားသည် နဝမအကြိမ်မြောက် ကျင်းပခြင်းဖြစ်ကြောင်း၊ အမှုဆောင်ကော်မတီကိုဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ (၁) နှင့် (၂)၊ အထွေထွေအတွင်းရေးမှူးတို့ အပါအဝင် အမှုဆောင်ကော်မတီဝင် ၂၅ ဦးဖြင့် ဖွဲ့စည်းထားပြီး လုပ်ငန်းတာဝန်များကို အောင်မြင်စွာ စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အမှုဆောင်ကော်မတီဝင်များမှ လုပ်ငန်းကော်မတီကိုးခု ထပ်မံဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း။

မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်အနေဖြင့် အလုပ်သမားဝန်ကြီးဌာနမှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများ၊ နိုင်ငံအလိုက်သတ်မှတ်ထားသော ဝန်ဆောင်ခနှုန်းထားများအတိုင်း ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီများက ပြည်ပရွှေ့ပြောင်းအလုပ်သမားများထံမှ ကောက်ခံရေးကို လိုက်နာဆောင်ရွက်သွားရန် အမှုဆောင်ကော်မတီက အနီးကပ်ကြီးကြပ် ပေးရန်လိုကြောင်း၊ ပြည်ပနိုင်ငံများသို့ အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်များ ပြန်လည်ခွင့်ပြုနေပြီ ဖြစ်သဖြင့် သက်ဆိုင်ရာနိုင်ငံအလိုက် လုပ်ငန်းကော်မတီများအနေဖြင့် မှန်မှန်ကန်ကန်လုပ်ဆောင်ကြရန်လိုကြောင်း၊ လုပ်ငန်းကော်မတီအချင်းချင်း စည်းစည်းလုံးလုံးဖြင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုညှိနှိုင်းပြီး အောင်မြင်အောင် ဆောင်ရွက်သွားကြစေလိုကြောင်း။

အေဂျင်စီ ၃၄၃ ခု

ပြည်ပသို့ အလုပ်သမားများ တရားဝင်စေလွှတ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မတိုင်မီအထိ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီ ၃၁၄ ခု၊ (ထိုင်း) လိုင်စင်ရအေဂျင်စီ ၁၁၄ ခုရှိခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ယခုနှစ် ဇူလိုင် ၁၄ ရက်အထိ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ကြီး ၂၉ ခု၊ (ထိုင်း) လိုင်စင် ၂၈ ခု၊ စုစုပေါင်း ၅၇ ခု ထုတ်ပေး နိုင်ခဲ့ကြောင်း၊ လက်ရှိဆောင်ရွက်နေသည့် အေဂျင်စီ ၃၄၃ ခုရှိကြောင်း။

ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံ ကတ်(OWIC)ကတ်များကို မြောက်ဒဂုံမြို့နယ် ပင်လုံသင်တန်းကျောင်းတွင် နေ့စဉ်တနင်္လာနေ့မှ စနေနေ့အထိ ထိုင်းနိုင်ငံအတွက် လူဦးရေ ၈၀၀၊ အခြားနိုင်ငံများအတွက် ၂၀၀၊ မိမိအစီအစဉ်များအတွက် ၁၀၀ စုစုပေါင်း ၁၁၀၀ ခန့်ဖြင့် ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း။

တစ်ကြိမ်လျှင် ၇၀၀ ခန့် ပို့ချ

ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီများမှ တစ်ဆင့်ဖြစ်စေ၊ မိမိအစီအစဉ်ဖြင့်ဖြစ်စေ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများအတွက် ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းများကို ကျွမ်းကျင်မှုလေ့ကျင့် ရေးသင်တန်းကျောင်း (ရန်ကုန်နှင့် မန္တလေး) တို့တွင် ဇွန် ၁ ရက်မှစ၍ တစ်ပတ်လျှင် သုံးကြိမ်၊ ရန်ကုန်၌ တစ်ကြိမ်လျှင် လူဦးရေ ၅၀၀ ခန့်၊ မန္တလေး ၌ တစ်ကြိမ်လျှင် ၇၀၀ ခန့် ပို့ချပေးလျက်ရှိကြောင်း ပြောကြားသည်။

အစီအစဉ်အရ ၂၀၂၀-၂၀၂၁ သက်တမ်းအမှုဆောင်ကော်မတီဝင်များ နုတ်ထွက်ကြောင်းကြေညာပြီး ရွေးကောက်ပွဲကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌက အမှုဆောင်ကော်မတီရွေးချယ်တင်မြှောက်ပွဲ ဆန္ဒမဲပေးခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း‌တင်ပြခဲ့ကာ ရွေးချယ်ခံမည့် ကိုယ်စားလှယ်များကို မိတ်ဆက်ပြီး အမှုဆောင်ကော်မတီဝင် ၂၅ ဦးကို လျှို့ဝှက်မဲပေး စနစ်ဖြင့် ရွေးကောက်တင်မြှောက်ရန် အသင်းသားများက ဆန္ဒမဲပေးခြင်းနှင့် မဲရေတွက်ခြင်းတို့ဆောင်ရွက်ကာ အစီအစဉ်အတိုင်း ရွေးချယ်ခြင်းခံရသည့် အမှုဆောင်ကော်မတီဝင် ၂၅ ဦး အမည်စာရင်း ကို ကြေညာသည်။

ထို့နောက် ရွေးချယ်ခံရသည့် ဥက္ကဋ္ဌအသစ်က ကျေးဇူးတင်စကားပြောကြား၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

လှည့်လည်ကြည့်ရှုစစ်ဆေး

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သန်လျင်ကျောက်တန်းမြို့နယ် သီလဝါ စက်မှုဇုန်(အတွင်း/ အပြင်)ရှိ အလုပ်ဌာန ၄၃၄ ဌာနမှ အာမခံအလုပ်သမား ၁၇၃၃၃ ဦးတို့ ဆေးကုသမှုခံယူရာတွင် လွယ်ကူလျင်မြန်စေရန်အတွက် လူမှုဖူလုံရေးအဖွဲ့ အထူးကုဆေးခန်းဖွင့်လှစ်နိုင်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာနက ရောင်းချမည့် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သန်လျင်မြို့နယ် သီလဝါစက်မှု ဇုန်အနီး၊ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းဝင်းအတွင်းရှိ မြေဧရိယာ ၀ ဒသမ ၅၅ ဧကပေါ်တွင် ဆောက်လုပ် ထားသော (၈၀' x ၅၀' x ၂၃.၅') RC နှစ်ထပ် အဆောက်အဦနှင့် မြေနေရာအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဝယ်ယူနိုင်ရေးအတွက် သွားရောက်ကြည့်ရှုရာ တာဝန်ရှိသူများက အဆောက်အဦနှင့်ပတ်သက်သည့် အချက်အလက်များကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များကိုမေးမြန်းပြီး အဆောက်အဦ(အတွင်း/အပြင်)သို့ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်