Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် Jeng Phang နော်တောင် ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ (ရန်ကုန်) ရုံးသစ်ဖွင့်လှစ်ခြင်း အခမ်းအနားသို့ တက်ရောက်

နေပြည်တော် ဇူလိုင် ၁၇

ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ (ရန်ကုန်) ရုံးသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်မြို့ရှိ အဆိုပါရုံး ပင်မဆောင်ရှေ့မြက်ခင်းပြင်၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် Jeng Phang နော်တောင်၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အမွှေးနံ့သာရည်များ ပက်ဖျန်း

အခမ်းအနားကို ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် Jeng Phang နော်တောင်က အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ (ရန်ကုန်) ရုံးဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကာ ပင်မဆောင်ရှိ ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။

ရှင်းလင်းပြသ

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ပင်မဆောင်ရှိ ဓာတ်ခွဲခန်းများတွင် mercury, lead စသော heavy metals များပါဝင်မှုနှုန်း စစ်ဆေးနေမှု၊ ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသော ကုန်ကြမ်း (Active Pharmaceutical Ingredient) စစ်မှန်မှုရှိ မရှိနှင့် မလိုလားအပ်သော အရောအနှောများပါဝင်မှုကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးနေမှု၊ အစားအသောက်များတွင် ဆိုးဆေးများနှင့် တာရှည်ခံဆေးဝါးများ ခွင့်ပြုပမာဏထက်ကျော်လွန် သုံးစွဲခြင်းရှိ မရှိ၊ အစားအသောက်များတွင် လူကိုအန္တရာယ်ဖြစ်စေနိုင်သော မှိုပါဝင်ခြင်းရှိမရှိ စမ်းသပ်စစ်ဆေးနေမှု၊ အစားအသောက်များထုတ်လုပ်ရာတွင် အသုံးပြုသောကုန်ကြမ်းများ၏ စစ်မှန်မှုနှင့် အရည် အသွေး ဓာတ်ခွဲစမ်းသပ်စစ်ဆေးနေမှု၊ စားသုံးဆီများ၏ အမျိုးအစားစစ်မှန်မှုရှိ မရှိနှင့် ဆီအမျိုးအစား များပါဝင်သည့် ပြည့်ဝဆီနှင့် မပြည့်ဝဆီများပါရှိခြင်း ဓာတ်ခွဲစမ်းသပ်စစ်ဆေးနေမှုတို့ကို ကြည့်ရှုကြရာ တာဝန်ရှိသူများက ရှင်းလင်းပြသကြသည်။

အထူးအလေးပေးဆောင်ရွက်

ယင်းနောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် Jeng Phang နော်တောင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချမှတ်ထားသည့် ရည်မှန်းချက် (၂) ရပ်ဖြစ်သည့် နိုင်ငံတော်သာယာဝပြောရေးနှင့် တိုင်းပြည်စားရေရိက္ခာပေါများရေးတို့ကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပြည်သူများ အာဟာရပြည့်ဝပြီး ဘေးကင်းလုံခြုံစိတ်ချရသည့် အစားအသောက်များ ရရှိသုံးစွဲနိုင်ရေးကို အထူးအလေးပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေနှင့်လည်း လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေး၊ ရောဂါဘယကင်းရှင်းရေးစသည့် ရည်မှန်းချက်များကိုချမှတ်ပြီး ရောဂါကာကွယ်၊ ကုသရေးကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိပါကြောင်း။

ပူးပေါင်းဆောင်ရွက်လျက်ရှိ

အများပြည်သူများ နေ့စဉ်မဖြစ်မနေ စားသောက်သုံးစွဲနေရသည့် အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်း၊ အလှကုန်များ၏ ဘေးအန္တရာယ်ကင်းရှင်းရေး၊ အရည်အသွေးရှိရေး၊ အာနိသင်ပြည့်မီမှုရှိရေးတို့သည် အလွန်အရေးကြီးပါကြောင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် အရည်အသွေးပြည့်ဝပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် အလှ ကုန်များကို ပြည်သူများရရှိသုံးစွဲနိုင်ရန်၊ ကျန်းမာရေးစောင့်ရှောက်မှုတွင် အ‌ရေးပါသည့် အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် အလှကုန်ပစ္စည်းများ ကြီးကြပ်ကွပ်ကဲခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ချမှတ်ထားသည့် ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာခြင်းမရှိပါက အရေးယူဆောင်ရွက်ခြင်းစသည့်လုပ်ငန်းများကို စနစ်တကျဆောင်ရွက်ရာတွင် နှီးနွှယ်ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။

လူမှုစီးပွားဘဝ မြင့်မားတိုးတက်လာမည်

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ (ရန်ကုန်)ရုံးသစ်ကို ယနေ့တွင် အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် အလှကုန်ဘေးအန္တရာယ်ကင်းရှင်းရေး၊ အရည်အသွေး အာနိသင်ပြည့်မီရေးအတွက် လည်းကောင်း၊ နှီးနွှယ်ဌာနဆိုင်ရာများ၊ ဆက်စပ်အဖွဲ့အစည်းများ၊ မိတ်ဖက်အသင်းအဖွဲ့များနှင့်လည်း ပိုမိုထိရောက်စွာ ဆက်သွယ်ဆောင်ရွက်လုပ်ဆောင် နိုင်မည်ဖြစ်သည့်အတွက် ပြည်သူလူထုအနေနှင့် ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးအာနိသင် ပြည့်မီသည့် အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်း၊ အလှကုန်များကို သုံးစွဲနိုင်မည်ဖြစ်ပြီး နိုင်ငံသူ၊ နိုင်ငံသားများ၏လူမှုစီးပွားဘဝ မြင့်မားတိုးတက်လာမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ (ရန်ကုန်)ရုံးသစ်ကို ၂၀၂၁-၂၀၂၂ ခြောက်လဘဏ္ဍာရေးနှစ်ကာလတွင် ရာနှုန်းပြည့်တည်ဆောက်ပြီးစီးခဲ့ကြောင်း၊ ခေတ်မီဓာတ်ခွဲခန်းများ၊ E-submission စနစ်ဖြင့် လက်ခံဆောင်ရွက်နိုင်ရန် Infrastructure များပါဝင်သည့် ရုံးအဆောက်အအုံ၊ အရာထမ်းအမှုထမ်း အိမ်ရာများ၊ Training Centre တစ်လုံးစသည့် အဆောက်အအုံ ခုနစ်လုံးပါဝင်ကြောင်း။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် နိုင်ငံတကာအဖွဲ့အစည်းများ၊ အာဆီယံဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး နိုင်ငံ၏လိုအပ်ချက်နှင့်ကိုက်ညီ၍ ခေတ်နှင့်လျော်ညီသည့် အမျိုးသားအစားအသောက်ဥပဒေ၊ ဆေးပစ္စည်းကိရိယာ ဥပဒေ၊ အလှကုန်ပစ္စည်း ဥပဒေ(မူကြမ်း)တို့ကို ရေးဆွဲအတည်ပြု ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးပြည့်ဝသော အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် အလှကုန်များ ကြီးကြပ်ကွပ်ကဲရေးလုပ်ငန်းများကို နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ စစ်ဆေးဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ရှင်းလင်းတင်ပြ

ထို့နောက် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နေပြည်တော်ရုံးချုပ်နှင့် ရန်ကုန်ရုံးခွဲတို့၏ ဖွဲ့စည်းပုံနှင့်လုပ်ငန်း ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

တိုးချဲ့ဖွဲ့စည်းခဲ့ပြီးဖြစ်

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနကို ၂၀၁၃ ခုနှစ် ဩဂုတ် ၁ ရက်တွင် ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ သီးခြားဦးစီးဌာနအဖြစ်တိုးချဲ့ ဖွဲ့စည်းခဲ့ကြောင်း၊ နေပြည်တော်(ရုံးချုပ်)၊ ရန်ကုန် ရုံးခွဲ၊ မန္တလေးရုံးခွဲ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်ရုံး ၁၂ ရုံးနှင့် နယ်စပ်ကုန်သွယ်ရေးစခန်း ၁၃ခုတို့တွင် တိုးချဲ့ဖွဲ့စည်းခဲ့ကြောင်း၊ ယခုအခါ ခရိုင်အဆင့်ရုံး ၃၃ ခုအထိ တိုးချဲ့ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သတင်းစဉ်