Skip to main content

ပြည်ထောင်စုနယ်မြေ နေပြည်တော် အေးမြင့်သာယာ တံတားနှစ်စင်း ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် ဇူလိုင် ၁၅

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့ ထိစပ်လျက်ရှိသည့် ဆင်သေချောင်းကို လွယ်ကူစွာဖြင့် ဖြတ်ကျော်သွားလာနိုင်စေရန် နေပြည်တော်ကောင်စီ၏ ငွေအပ်လုပ်ငန်းအဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးမှ တာဝန်ယူဆောက်လုပ်သည့် အေးမြင့်သာယာ တံတားနှစ်စင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် အဆိုပါတံတားရှေ့၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်နှင့် တာဝန်ရှိသူများသည် အေးမြင့်သာယာတံတားနှစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်မှုမှတ်တမ်း ဗီဒီယိုကို ကြည့်ရှုကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင်၊ နေပြည်တော်ကောင်စီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်နှင့် တာဝန်ရှိသူများက အေးမြင့် သာယာတံတားနှစ်စင်းကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အေးမြင့်သာယာတံတား နှစ်စင်းကို လှည့်လည်ကြည့်ရှုကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။

အဆိုပါတံတားသည် တံတား အရှည် ပေ ၃၆၀ ၊ တံတားတစ်စင်း အကျယ် ၅၆ ပေ၊ တံတားနှစ်စင်း အကွာအဝေး ၃၉ ပေ၊ တံတားအမျိုးအစား အုတ်မြစ်ဘိုးပိုင်၊ ကိုယ်ထည် သံကူကွန်ကရစ်၊ အပေါ်ထည် သံမဏိသံပေါင်ရက်မနှင့် သံကူကွန်ကရစ် ကြမ်းခင်း၊ တံတားပုံစံ Skew Type ၊ ရေလမ်းကင်းလွတ်အမြင့် အမြင့်ဆုံးရေမှတ်အထက် ၄ ပေ၊ တံတားခံနိုင်ရည် တန် ၆၀ နှင့် ချဉ်းကပ်လမ်းအရှည် ၂၀၈၈ ပေ ရှိကြောင်း သိရသည်။

အေးမြင့်သာယာ တံတားနှစ်စင်းကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးမှ တာဝန်ယူ၍ ၂၀၂၁ ခုနှစ် ဧပြီ ၁ ရက်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဇွန် ၃၀ ရက်တွင် ဆောက်လုပ်ပြီးစီးခဲ့ကြောင်း သိရသည်။

သတင်းစဉ်