နေပြည်တော် ဇူလိုင် ၁၅
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၆၈) သင်တန်းဆင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် တက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေက ယခုဖွင့်လှစ်ခဲ့သော သင်တန်းတွင် ဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်တို့မှ နိုင်ငံတော်၏ မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ စီမံကိန်းကြီးများ၊ နိုင်ငံတော် လုံခြုံရေးနှင့် ကာကွယ်ရေး လုပ်ငန်းစဉ်များ၊ လုပ်ငန်းခွင်စီမံခန့်ခွဲမှု စွမ်းရည်မြင့်မားစေရန်၊ ပြည်တွင်းပြည်ပ ဗဟုသုတများ ကြွယ်ဝစေရန်၊ နိုင်ငံ့ဝန်ထမ်း ဥပဒေများကို သိမြင်နားလည် လိုက်နာကျင့်သုံးတတ်စေရန်၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးတိုးတက်မှု အခြေခံသဘောတရားများ သိမြင်နိုင်စေရန် လေ့ကျင့်သင်ကြားပေးခဲ့ပြီး ပြင်ပကျွမ်းကျင် ပညာရှင်များကလည်း သိသင့်သိထိုက်သည့် ပညာရပ်များကို ၎င်းတို့၏ အတွေ့အကြုံနှင့် ပညာရပ်ပိုင်းဆိုင်ရာ ရှုထောင့်က ဆွေးနွေးပို့ချပေးကြသည်ကို စိတ်ဝင်တစား လေ့လာသင်ယူခဲ့ကြသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း။
ယနေ့မျက်မှောက်ခေတ်တွင် ဆရာသည် ကျောင်းသားကို သင်ကြားပြသသူ သက်သက်မဟုတ်ဘဲ သင်ယူမှုလွယ်ကူရန် ကူညီသူ၊ လမ်းညွှန်သူ၊ နည်းလမ်းပြသူ၊ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ပေးသူများ ဖြစ်သည့်အပြင် ဆရာ ဆရာမများ၏ ရုပ်ပိုင်းဆိုင်ရာ၊ အကျင့်စာရိတ္တ ပိုင်းဆိုင်ရာ၊ ပြောဆိုပြုမူခြင်းဆိုင်ရာများသည် ကလေးများ၏ စံပြနမူနာဖြစ်သည့်အတွက် နမူနာကောင်းဖြစ်အောင် ကျင့်ကြံနေထိုင်ကြစေ လိုပါကြောင်းတိုက် တွန်းမှာကြားသည်။
ထို့နောက် သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဆုများပေးအပ်ပြီး သင်တန်းဆင်း အောင်လက်မှတ်များ ချီးမြှင့်သည်။ အဆိုပါသင်တန်းသို့ သင်တန်းသား ၉၄ ဦး၊ သင်တန်းသူ ၃၇၈ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဇွန် ၁၃ ရက်မှ ဇူလိုင် ၁၅ ရက်အထိ ရက်သတ္တ ငါးပတ် ကြာမြင့်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌသည် ဇူလိုင် ၁၄ ရက်တွင် ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၁၀)နှင့် အဆင့်မြင့် အရာထမ်းစီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ် (၁၁)တွင် တက်ရောက်လျက်ရှိသော သင်တန်းသား အဆင့်မြင့် အရာရှိကြီးများကို ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ လုပ်ငန်းတာဝန်များ ပြုပြင်ပြောင်းလဲ တိုးတက်ဆောင်ရွက်မှု၊ ကုလသမဂ္ဂနှင့် မြန်မာနိုင်ငံတကာ ဆက်ဆံရေးခေါင်းစဉ်ဖြင့် ဆွေးနွေးပို့ချသည်။
ထို့နောက် နိုင်ငံတကာနှင့် ဆက်ဆံရာတွင် နိုင်ငံစွမ်းအား၏ အရေးပါမှု၊ နိုင်ငံ့ခွန်အား တိုးတက်အောင် ဆောင်ရွက်နေမှု၊ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေအရ နိုင်ငံတကာဆက်ဆံရေးကဏ္ဍမှ ကြိုးပမ်းဆောင်ရွက်နေမှုများကို ဆွေးနွေးပြောကြားပြီး သင်တန်းသားများ၏ သိရှိလိုသော မေးမြန်းချက်များကို ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။
ယင်းနောက် တက္ကသိုလ်အတွင်း စိုက်ပျိုးထားရှိသော စိုက်ခင်းများနှင့် တက္ကသိုလ်တည်ဆောက်ရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
သတင်းစဉ်