Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အဖွဲ့ချုပ်ကောင်စီ အစည်းအဝေးတက်ရောက်

နေပြည်တော် ဇူလိုင် ၁၅

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့ဝင်(၄)ဦးတို့သည် ဇူလိုင် ၁၁ ရက်မှ ၁၃ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့တွင် ကျင်းပသည့် (၃၂)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ အဖွဲ့ချုပ်ကောင်စီ အစည်းအဝေး (SEAGF) Council Meeting သို့ တက်ရောက်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇူလိုင် ၁၁ ရက် နံနက် ၈ နာရီခွဲတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့ရှိ Sokha ဟိုတယ်၌ ကျင်းပသည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အဖွဲ့ချုပ်ကောင်စီ အစည်းအဝေးသို့ တက်ရောက်လာသည့် အာဆီယံအဖွဲ့ဝင် (၁၁)နိုင်ငံမှ ကိုယ်စားလှယ်များကို ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် SAMDECH AKA MOHA SENA PADEI TECHO HUN SEN က ကြိုဆိုနှုတ်ဆက်သည့် အခမ်းအနားသို့ တက်ရောက်သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သောအဖွဲ့သည် အာဆီယံအဖွဲ့ဝင် (၁၁)နိုင်ငံမှ ကိုယ်စားလှယ်များနှင့်အတူ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပမည့် အားကစားကွင်း/ အားကစားရုံများသို့ သွားရောက်ကြည့်ရှု လေ့လာခဲ့ကြသည်။

ညနေပိုင်းတွင် Sokha ဟိုတယ်၌ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌက တည်ခင်းဧည့်ခံသည့် ညစာစားပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သောအဖွဲ့သည် အာဆီယံအဖွဲ့ဝင် (၁၁)နိုင်ငံမှ ကိုယ်စားလှယ်များနှင့်အတူ တက်ရောက်ခဲ့ကြသည်။

ဇူလိုင် ၁၂ ရက် နံနက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့ရှိ Sokha ဟိုတယ်၌ ကျင်းပသည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အားကစားနှင့်ဥပဒေရေးရာကော်မတီ အစည်းအဝေး(SEAGF Sports and Rule Committee Meeting)၊ အားကစားဆေးဘက်ဆိုင်ရာနှင့် တားမြစ်ဆေးဝါးကော်မတီအစည်းအဝေး (SEAGF Medical and Anti-Doping Committee Meeting)၊ အမျိုးသမီးအားကစား ကော်မတီအစည်းအဝေး (SEAGF Women in Sports Committee Meeting)၊ သတင်းပြန်ကြားရေးနှင့် ရုပ်သံထုတ်လွှင့်ရေးအစည်းအဝေး (SEAGF Media and Broadcasting Meeting)များသို့ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြပြီး မွန်းလွဲပိုင်းတွင် ကျင်းပသည့် အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး (SEAGF Executive Committee Meeting) သို့ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့တို့ တက်ရောက်ခဲ့ကြသည်။

ဇူလိုင် ၁၃ ရက် နံနက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့ရှိ Sokha ဟိုတယ်၌ ကျင်းပပြုလုပ်သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အဖွဲ့ချုပ်ကောင်စီ အစည်းအဝေး (SEAGF) Council Meeting သို့ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် ကာကွယ်ရေးဝန်ကြီး၊ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌက တက်ရောက်အမှာစကား ပြောကြားရာ ပြည်ထောင်စုဝန်ကြီးနှင့် အာဆီယံအဖွဲ့ဝင် (၁၁)နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ထည့်သွင်းကျင်းပမည့် အားကစားနည်းများအား သတ်မှတ်ခြင်း၊ အားကစားပြိုင်ပွဲဆိုင်ရာ စည်းမျဉ်း/ စည်းကမ်းများ ပြင်ဆင်ရေးဆွဲ အတည်ပြုခြင်း၊ နောင် SEA Games ပြိုင်ပွဲများကျင်းပမည့် အိမ်ရှင်နိုင်ငံများ သတ်မှတ်အတည်ပြုခြင်းတို့ကို ဆုံးဖြတ်ကြသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွာရာ ယမန်နေ့ နံနက် ၁၁ နာရီခွဲတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြောင်း သိရသည်။

သတင်းစဉ်